မုန်တိုင်းကြောင့် ပျက်စီးမှု ရွှေပြည်သာမှာ အများဆုံး
2018.05.31

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့မှာ လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် လက်ရှိအချိန်အထိ ပျက်စီးသွား တဲ့ လူနေအိမ်အသေး အလုံးပေါင်း ၈ဝဝ ကျော်ရှိသွားပြီဖြစ်တယ်လို့ ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
မေလ ၃ဝ ရက်နေ့ မနေ့ကအထိ စာရင်းအရ ပျက်စီးသွားခဲ့တဲ့နေအိမ် ခုနှစ်ရာကျော်ရှိရာကနေ ဒီနေ့မှာ နေအိမ် အလုံး ၅ဝ စာရင်းထပ်တက်လာတာဖြစ်တယ်လို့ ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောပါတယ်။
"လေဆင်နှာမောင်းဖြစ်တဲ့အတွက် သူ့ရဲ့မွှေ့ပြီးသွားတဲ့ လမ်းကြောင်းမှာရှိတဲ့ ရပ်ကွက်တွေကို သူကထိသွား တယ်၊ တိုက်တဲ့အချိန်က ၃ မိနစ်ပဲရှိတာ၊ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းမဝင်ခင်တစ်ရက်မှာ ကြိုဝင် သွားတာ၊ ပြိုကျပျက်စီးတွေရော၊ အမိုးလန်တွေရော အားလုံးပေါင်း မနေ့ကအထိကတော့ ၇၇၇ လုံးပေါ့နော်၊ ဒီကနေ့ ၅ဝ လောက်ပြန်တက်လာတယ်၊ ၈ဝဝ ကျော်ဖြစ်သွားတယ်၊ အဲဒီမှာ လုံးလုံးပြိုကျပျက်စီးကတော့ ၁၃၂ လုံးရှိတယ်"
မုန်တိုင်းငယ်တိုက်ခက်မူကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေအိမ်ပျက်စီးခဲ့မှုတွေထဲမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာတော့ ၃ ဦး သေဆုံးခဲ့တယ်လို့ လူကယ်ပြန်ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြောပါတယ်။
" တစ်နိုင်ငံလုံးစာရင်းတွေ ရထားပြီးပါပြီ၊ သိပ်အရမ်းမများဘူး၊ အဓိကကတော့ အဲဒီမတိုင်ခင်တစ်ရက် ရန်ကုန်မှာ ရွှေပြည်သာမှာက တော်တော်များတာ၊ နောက်ပိုင်းတော့ သိပ်တော့မများဘူး၊ ဒါပေမဲ့လို့ ရခိုင်မှာ သေဆုံး တာလေးရှိသွားတယ်၊ သစ်ပင်ပိတာရယ်၊ နောက်ပြီးတော့မှ အဲဒီသစ်ပင်ကို တက်ခုတ်တော့ ဓါတ်လိုက်တာရယ်၊ သေဆုံးသူ ၃ ဦးရှိသွားတယ်၊ ကျနော်တို့ကတော့ ဒီမုန်တိုင်းက ကြိုပြီးတော့လည်း Early Warning လုပ်တယ်၊ နောက်မုန်တိုင်းက မူလကတည်းကိုက နာမည်ပေးပြီးတော့မှ ပြင်းတဲ့မုန်တိုင်းမဟုတ်ဘူး၊ မုန်တိုင်းငယ်အဖြစ် ဖြစ်တာပေါ့၊ နာမည်ကို မရလိုက်ဘူး၊ ကျနော်တို့ကတော့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ထောက်ပံ့တယ်"
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် လတ်တလောမှာ စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေအပြင် ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် အိမ်ဆောက်ပစ္စည်းဖိုးတွေ ထောက်ပံ့ပေးထားတယ်လို့လည်း ဒေါက်တာ ကိုကိုနိုင်က ပြောပါတယ်။
ဒါ့အပြင် မုန်တိုင်းအတွင်း သေဆုံးသွားသူတွေအတွက် တစ်ဦးကို ၃ သိန်းနှုန်း ထောက်ပံ့ပေးသလို ဒဏ်ရာရလို့ ဆေးရုံတက်ကုသနေရသူတွေအတွက်လည်း ဆေးကုသစရိတ်တွေ ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။
ရွှေပြည်သာမြို့နယ်မှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားပေးပေမယ့် နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးသူတွေက ပြန်လည်ပြင်ဆင်ပြီးနေကြသလို လုံးဝပျက်စီးသွားတဲ့သူတွေကတော့ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ သွားရောက်နေထိုင်နေကြတာကြောင့် ကယ်ဆယ်ရေးစခန်းမှာ လာမနေကြဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောပါတယ်။
မုန်တိုင်းရဲ့အရှိန်နဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေအိမ်ထိခိုက်ပျက်စီးမှုတွေများခဲ့ပြီး နေပြည်တော်၊ မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာလည်း နေအိမ်ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။