သူရဦးရွှေမန်း ပါတီ တည်ထောင်ခွင့်လျှောက်ထား


2019.02.05
shwemann-ubp-622.jpg ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ထောင်တဲ့ သူရဦးရွှေမန်း ကို တွေ့ရစဉ်
Photo: Thura U Shwe Mann's FB

ပြည်ထောင်စုလွှတ်တော် ဥပဒေပြုရေးနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ဟာ ပါတီတည်ထောင်ခွင့်ရဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဒီနေ့ လျှောက်ထားလိုက်ပါတယ်။

အဲဒီပါတီကို သူရဦးရွှေမန်းအပြင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေဖြစ်တဲ့ ဦးတင်မောင်ဦး၊ ဦးဝင်းသန်း၊ ဦးဝင်းဦး၊ ဦးစောလှထွန်း အစရှိသူ ၁၉ ဦး အမည်နဲ့ ပါတီတည်ထောင်ခွင့် လျှောက်လာတာလို့ ရွေးကောက်ပွဲကေ်ာ မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က ပြောပါတယ်။

ပါတီဟာ မြန်မာနိုင်ငံနဲ့သင့်တော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်သွား မယ်လို့ ပါတီဦးဆောင်သူ သူရဦးရွှေမန်း က သူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာကနေ ပြည်သူများထံသို့ တင်ပြချက် ဆိုပြီး ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဖိုင်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရည်မှန်းပြီး ပါတီတည်ထောင်ခွင့် လျှောက်ထားတာလို့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီရဲ့ ပါတီတည်ထောင်လိုသူများစာရင်းမှာပါဝင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းဦးက RFA ကို ပြောပါတယ်။

အင်အားကြီးပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အန်အယ်လ်ဒီပါတီတွေအပြင် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးအင်အားစုတချို့က ပါတီတည်ထောင်တာတွေရှိလာသလို တပ်မတော် အစိုးရလက်ထက်ကတည်းက သြဇာရှိခဲ့တဲ့ တပ်မတော်အကြီးအကဲတချို့လည်း ပါတီတည်ထောင်လာတာတွေ ရှိနေပါတယ်။

ဒီနေ့မှာဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ထောင် ထားသူ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အမည်နဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားလိုက်ပါတယ်။

သူတို့ပါတီရဲ့ နိုင်ငံရေးရည်မှန်းချက်ကို သူရဦးရွှေမန်းက အခုလို ပြောခဲ့ပါတယ်။

“မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ ဆီလျော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရေးတို့ ဖြစ်ပါတယ်။ ပြည်သူလူထုကြီး အားပေးမှုနဲ့ အကြံပြုချက်များကို ခံယူလိုပါတယ်။”

ဦးရွှေမန်းဦးဆောင်တဲ့ ပါတီမှတ်ပုံတင်ခွင့်ကျမယ်ဆိုရင် လာမယ့်အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီနဲ့ မဟာမိတ်ဖြစ်လာမလားဆိုတာ နိုင်ငံရေးစောင့်ကြည့် လေ့လာသူတွေ က စိတ်ဝင်စားနေကြပါတယ်။

ဒီအပေါ် အန်အယ်လ်ဒီပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် သုံးသပ်ပြောတာက

“သူကပါတီခေါင်းဆောင်နဲ့လည်း ရင်းနှီးတယ်။ ရွေးကောက်ပွဲမှာတော့ အန်အယ်လ်ဒီပါတီအနေနဲ့က ကိုယ့် ဘာကိုယ် ယှဉ်ပြိုင်မှာပဲ။ ဦးရွှေမန်းကလည်း သူပါတီနဲ့သူ အနိုင်ရအောင်လုပ်ပေါ့။ အဲလိုပဲ ဖြစ်လိမ့်မယ်ထင် တယ်။ သူလည်း သူ့ကို ထောက်ခံတဲ့သူတွေ၊ မျှော်လင့်တဲ့သူတွေရှိမှာပေါ့။”

UBP ပါတီကို ဦးဆောင်တည်ထောင်လိုသူတွေမှာ တပ်မတော်အရာရှိဟောင်းတွေနဲ့ လွှတ်တော်ကိုယ်စား လှယ်ဟောင်းတွေ ပါဝင်ပါတယ်။

ပါတီတည်ထောင်လိုသူတွေရဲ့ အမည်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က အခုလိုပြောပြပါတယ်။

“ပါတီတည်ထောင်လိုသူ ၁၉ ဦးနဲ့ လက်မှတ်ရေးထိုးပြီး လျှောက်ထားလာတာပေါ့။ နံပါတ် ၁ ကတော့ ဦးရွှေမန်းပေါ့။ ကျန်တာကတော့ ဦးကျော်စန်း၊ ဒေါက်တာခင်မောင်ဆွေ၊ ဒေါက်တာစိုးမိုးအောင်၊ ဦးစောလှထွန်း၊ ဦးတင်မောင်ဦး အဲလိုပါပါတယ်။”

အထူးသဖြင့် ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ အကွဲအပြဲတွေမှာ သူရဦးရွှေမန်းနဲ့အတူ ခွဲထွက်လာခဲ့သူတွေ ပါဝင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

UBP ပါတီတည်ထောင်ခွင့်ရရင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေကို စနစ်တကျဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပါတီခေါင်းဆောင် သူရဦးရွှေမန်း က ပြောပါတယ်။

ဒါ့အပြင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေးတို့ကို အကောင်အထည်ဖော်မယ်လို့လည်း ပြောပါတယ်။

ပါတီတည်ထောင်လိုသူစာရင်းမှာပါတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းဦးက အခုလိုပြောပါတယ်။

“ပါတီတည်ထောင်တာကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တည်ထောင်တာပေါ့။ ၂၀၂၀ အတွက်ပါ ကျနော်တို့ တိုင်းပြည်အခြေအနေနဲ့ လိုအပ်ချက်လေးတွေရှိနေတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ကျနော်တို့ ဖြည့်စွက်နိုင်ဖို့ ဝိုင်းဝန်းနိုင်ဖို့၊ ကျနော်တို့လည်း အသက်ကြီးပြီဆိုတော့ ကိုယ်လုပ်နိုင်တာတွေ ကိုယ်တက်နိုင်တာတွေ အကုန်လုံးလုပ်ပေးခဲ့ချင်တယ်။ တည်ဆောက်ပေးခဲ့ချင်တဲ့ ဆန္ဒပါပဲ ခင်ဗျ။”

လူအများစိတ်ဝင်စားမှုခံရတဲ့ နောက်တိုး ပါတီသစ်တွေထဲမှာ သူရဦးရွှေမန်းဦးဆောင်ပြီး လျှောက်ထားတဲ့ UBP ပါတီအပြင် အငြိမ်းစားဗိုလ်ချုပ်တွေဖြစ်တဲ့ ဦးလွန်းမောင်၊ ဦးစိုးမောင်တို့ ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေးပါတီလည်း ရှိနေပါတယ်။

ဒါက ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့် လျှောက်ထားပြီး တည်ထောင်ခွင့် မကျသေးတဲ့ ပါတီပါ။

ဒါ့အပြင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အများစု ပါဝင်တဲ့ ပြည်သူ့ပါတီက တရားဝင်ပါတီမှတ်ပုံတင်ကျပြီးလို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၂၀ မှာရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါပြီ။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေများလာမယ့် အခြေအနေအပေါ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ PACE အဖွဲ့ရဲ့ အမှု ဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့် ပြောတာက…

“ပါတီတွေများလာတယ်။ ရွေးကောက်ပွဲကနေပြီးတော့မှ နိုင်ငံရေးအာဏာယူတာဟာ အရေးကြီးတဲ့ နည်းလမ်း တစ်ခုလို့ နိုင်ငံရေး actors တွေက ပိုပြီးတော့မှ ယုံကြည်လာတဲ့သဘောပဲ ဒါကောင်းလာတယ်လို့ အကြမ်း ဖျဉ်းပြောလို့ ရပါတယ်။ အာဏာသိမ်းတာမျိုး၊ အကြမ်းဖက်တာမျိုးမဟုတ်ဘဲ ငါတို့ ရွေးကောက်ပွဲကတဆင့် သွားကြမယ်ဆိုတာ အာဏာရှင်စနစ်ကနေပြီး အသွင်ပြောင်းတဲ့ကာလမှာ ရွေးကောက်ပွဲကို ပလက်ဖောင်း အနေနဲ့ ပိုပြီးတော့ မြင်လာတဲ့ သဘောပါပဲ။ ရေရှည်မှာ ပါတီသေးလေး တွေဟာ ပါတီကြီးတစ်ခုမှာ သွားပေါင်းပြီး အင်အားကြီး ပါတီကြီး ၂ ခု ၃ ခုအဲလောက်ပဲ ကျန်မယ့် သဘောပါ။”

လာမယ့် အထွေထွေရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီတွေကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်မယ့်ပွဲပါ။

ဒါ့ကြောင့် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအငြင်းပွားမှုတွေနဲ့ ပဋိပက္ခတွေ လျော့နည်းအောင် အခုထဲက ပါတီတွေရဲ့ သဘောထားရယူပြီး မဲဆွယ်စည်းရုံးရေးကာလ စည်းကမ်းသတ်မှတ်ချက်၊ ရွေးကောက်ပွဲအသုံးစားရိတ်၊ မဲဆွယ်စည်းရုံးရေးမှာ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီတွေကို အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက ထောက်ပံ့နိုင်တဲ့ ငွေကြေးသတ်မှတ်ချက်တွေကို အတိအကျ သတ်မှတ်ဖို့လိုတယ်လို့လည်း ရွေးကောက် ပွဲစောင့်ကြည့်သူတွေက ပြောကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။