အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူတွေထဲမှာ သူရဦးရွှေမန်းရဲ့ သားတစ်ဦးပါဝင်
ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူတွေထဲမှာ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ UBP ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းရဲ့ သားငယ် ဦးတိုးနိုင်မန်း လည်း ပါဝင်တယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီး တစ်ပတ်အကြာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ရန်ကုန်မှာနေထိုင်တဲ့ ဦးတိုးနိုင်မန်းရဲ့ နေအိမ်ကို ရဲနဲ့ စစ်သားတချို့ ရောက်လာပြီး ဖမ်းဆီးသွားခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။
ဘာကြောင့် ဖမ်းသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရပါဘူး။
ဦးတိုးနိုင်မန်း ဟာ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေရဲ့ သမီးဖြစ်သူ ဒေါ်ဇေဇင်လတ်နဲ့ လက်ထပ်ထားပြီး၊ ရန်ကုန်ရှိ နာမည်ကြီး ကရ၀ိတ်ဟော်တယ်၊ မင်္ဂလာဥယျာဥ်နဲ့ ပုံနှိပ်လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်း များစွာ လုပ်ကိုင်နေသူဖြစ်ပါတယ်။
ဦးတိုးနိုင်မန်းနဲ့အတူ အကိုဖြစ်သူ ဦးအောင်သက်မန်းနဲ့ ဖခင်ဖြစ်သူ သူရဦးရွှေမန်း ပါ အဖမ်းခံထားရတယ်လို့ အစောပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်၊ ဦးအောင်သက်မန်း အဖမ်းမခံရသလို သူရဦးရွှေမန်းလည်း နေပြည်တော်က ၆ လုံးတန်းအိမ်ရာမှာ ရှိနေတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
သူရဦးရွှေမန်းဟာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု မဖြစ်ခင်၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရနဲ့ တပ်မတော်အကြား စေ့စပ်ညှိုနှိုင်းမှုတွေ တင်းမာနေချိန်မှာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိတ်တ ဆိတ် တိုင်ပင်ညှိုနှိုင်း အကြံပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ခိုင်လုံတဲ့သတင်းရင်းမြစ်တွေကတဆင့် RFA က စုံစမ်းသိရှိရပါတယ်။