သူရဦးရွှေမန်း ဦးဆောင်တဲ့ UBP ပါတီ ဖျက်သိမ်းတော့မည်

2022.10.11
သူရဦးရွှေမန်း ဦးဆောင်တဲ့ UBP ပါတီ ဖျက်သိမ်းတော့မည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်း ကနေ ဖျက်သိမ်းဖို့ ဆောင်ရွက်နေပြီလို့ ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးစောလှထွန်းက သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးလိုက်ပါတယ်။

ဘာကြောင့်အခုလို ပါတီဖျက်သိမ်းသလဲဆိုတာတော့ RFA အနေနဲ့ သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးသလို တိတိကျကျသိရဖို့ ပါတီရဲ့ ပြောခွင့်ရသူတွေထံ ဆက်သွယ်ခဲ့ပေမယ့် ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

UBP ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာ တရားဝင် ဖွဲ့စည်းတည်ထောင်ခွင့်ရရှိခဲ့တဲ့ ပါတီတစ်ခုဖြစ်ပြီး နေပြည်တော် က သူရဦးရွှေမန်းရဲ့နေအိမ်မှာပဲ ပါတီဌာနချုပ်ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကိုတော့ ပါတီဥက္ကဋ္ဌ ဦးရွှေမန်းကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ ပါတီအနေနဲ့ ကျပ်ဘီလီယံပေါင်းများစွာ သုံးစွဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှတော့ အနိုင်မရရှိခဲ့ပါဘူး။

စစ်တက္ကသိုလ် အပတ်စဉ် (၁၁) ကို တက်ရောက်ခဲ့တဲ့ သူရဦးရွှေမန်းဟာ စစ်တပ်မှာ အနှစ်လေးဆယ်နီးပါး စစ်မှုထမ်းခဲ့ပြီး နအဖ စစ်အစိုးရနှောင်းပိုင်းကာလမှာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ပြီးရင် တတိယအဆင့် သြဇာအာဏာရှိသူလို့ သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သလို၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။

သူဟာ နိုင်ငံရေးလောကထဲ ရောက်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူ ဖြစ်လာခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့သည့်တိုင် လွှတ်တော်မှာအရေးပါတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန် ပေးအပ်ခံခဲ့ရပါတယ်။

နောက်ပိုင်း UBP ပါတီ တည်ထောင်လိုက်တဲ့အခါမှာတော့ NLD ပါတီဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ သူဦးဆောင်နေတဲ့ အထူးကော်မရှင် သက်တမ်းတိုးမှုကို ရုပ်သိမ်းသွားခဲ့ပါတယ်။

နိုင်ငံရေး ရည်မှန်းချက်ကြီးပြီး သမ္မတ ဖြစ်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးသူ သူရဦးရွှေမန်းဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ သူ့ပါတီကိုပါ ဖျက်သိမ်းဖို့ အထိ ဘာကြောင့် ဆုံးဖြတ်ခဲ့သလဲဆိုတာတော့ တိတိကျကျ မသိရဘူးလို့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။