ရွှေဘိုမှာ ကားတစ်စီး မိုင်းနင်းမိပြီး ခရီးသည်ခြောက်ဦး ဒဏ်ရာရ

RFA Burmese
2023.03.26
ရွှေဘိုမှာ ကားတစ်စီး မိုင်းနင်းမိပြီး ခရီးသည်ခြောက်ဦး ဒဏ်ရာရ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာ မီးရှို့ခံနေရသည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
ရွှေဘိုခရိုင်သတင်းစုံ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ရွာနဲ့ ဇီးတောရွာကြားမှာ မတ်လ ၂၅ ရက် ညနေ ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး မိုင်းနင်းမိခဲ့ပြီး ပေါက်ကွဲတာကြောင့် ယာဉ်ပေါ်မှာပါတဲ့ သံဃာတစ်ပါးနဲ့ လူငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ သံဃာတော်တစ်ပါး၊ အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ ရွှေဘိုမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ပြောပါတယ်။

ဘုန်းဘွဲ့ရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်းရှိနေတဲ့အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းထောင်ထားတာဖြစ်တယ်လို့ ဒေသခံ PDF တစ်ဦးက ပြောပါတယ်။

အရပ်ဘက်ယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

“မနေ့က ညနေပိုင်းမှာ ဖြစ်သွားတာ။ ကျနော်တို့ကလည်း ဘုန်းဘွဲ့နားမှာ စစ်ကြောင်း ရှိနေလို့ ကားသမားကို မသွားနဲ့လို့ တားတယ်။ မရဘူး။ ဆက်ထွက်သွားတော့ ထိတာပေါ့။ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေကလည်း သူတို့ အလုပ်သူတို့ လုပ်မှာပဲလေ။ အခုက စစ်တပ်ကလည်း အရပ်သားကားတွေကိုပါ အသုံးပြုနေလို့ အခုလိုတွေ ဖြစ်ရ တာ”

စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အညာဒေသမှာ စစ်ကောင်စီတပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ပေမယ့် အရပ်သားထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိနေပါတယ်။

PDF တွေကတော့ လမ်းမကြီးတွေကို ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ဖြတ်သန်း သွားလာတာတွေမလုပ်ဖို့၊ မဖြစ်မနေ သွားရမယ်ဆိုရင် ဒေသခံ PDF တွေကို အကြောင်း ကြားဖို့ နဲ့ ကားတွေကို မှန်ချပြီး မောင်းနှင်ကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။