ရွှေဘို-ဒီပဲယင်း-ရေဦးနယ်အစပ် ရွာတွေက ထွက်ပြေးရတဲ့ ဒေသခံ တစ်သောင်းခွဲခန့်ရှိလာ
2022.12.03

စစ်ကိုင်းတိုင်း ရွှေဘို-ဒီပဲယင်း-ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ရွာပေါင်း ၁၅ ရွာခန့်ကို နိုဝင်ဘာလကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့နေတာကြောင့် ထွက်ပြေးနေရသူ တစ်သောင်းခွဲခန့် ရှိပြီလို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ခင်ဦး၊ ရေဦးနဲ့ ဒီပဲယင်းအတွင်း တစ်နယ်ကို စစ်ကြောင်းတစ်ကြောင်းနဲ့ မူးမြစ်ရဲ့ တစ်ဖက်ကမ်း ခင်ဦးနဲ့ ရွှေဘို၊ မူးမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ ရေဦးနဲ့ ဒီပဲယင်းတို့ကို မီးခွရှို့နေတာလို့ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အရှေ့ဘက်စစ်ကြောင်းက အရှေ့ဘက်တစ်လျှောက် မီးတွေရှို့ပြီးတော့ စစ်ကြောင်း ထိုးတယ်။ အနောက်ဘက် စစ်ကြောင်းက အနောက်ဘက်တစ်လျှောက် မီးတွေရှို့ပြီး တော့ စစ်ကြောင်းထိုးတယ်။ မီးရှို့တယ်။ ရွာတွေကို ဝင်ပြီးတော့ လက်နက်ကြီးတွေနဲ့ ထုတယ်။ လက်နက်ငယ်သံတွေလည်း ကြားရတယ်။ နီးစပ်ရာ ပြည်သူ တစ်သောင်းခွဲ လောက် စစ်ရှောင်နေကြရတယ်”
စစ်ကြောင်းတစ်ကြောင်းဟာ ရွှေဘိုနယ်ထဲကို နိုဝင်ဘာလ ၂၉ ရက်နေ့က စတင်ဝင်ရောက် ပြီး ဆယ်အင်းရွာ၊ မအူပင် အရှေ့ရွာနဲ့ အနောက်ရွာတို့ကို မီးရှို့တာကြောင့် ဒေသခံတွေ စတင်ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီပဲယင်း -ရွှေဘိုနယ်စပ်က ဆင်အင်းရွာ၊ မအူပင် အရှေ့ရွာ၊ အနောက်ရွာ၊ အင်ကြင်းပင်၊ သဘွတ်တောရွာတွေကို မီးရှို့ဖျက်ဆီးပြီးနောက် ဒီပဲယင်းနဲ့ ရွှေဘိုနယ်စပ်မှာရှိတဲ့ ထညှင်းကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အဲဒီရွာမှာပဲ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
နောက်ထပ် စစ်ကြောင်းတစ်ခုကတော့ ရေဦးဘက်ကနေတစ်ဆင့် ဒီပဲယင်းနယ်ထဲကို ဝင်ရောက်လာပြီး ဒီပဲယင်း ဘက်မှာရှိတဲ့ မစိုးရိမ်နဲ့ ပျော်ဘွယ်ရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ရွှေဘို-ဒီပဲယင်း-ရေဦး မြို့နယ်အစပ်က သရက်တော၊ ညောင်လှ၊ ကုန်းကြီး၊ မူးခတွင်း၊ ဝဲကြီး၊ ရုံးသာ၊ နများ၊ ဆင်အင်းရွာ၊ မအူပင်၊ အင်ကြင်းပင်၊ သဘွတ်တော စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတာပါ။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြားမှာ တိုက်ပွဲ ကြီးကြီးမားမား မရှိသေးဘဲ မိုင်းဆွဲတိုက်ခိုက်တာလောက်ပဲ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာအသီးသီးက ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်လို့ အိမ်ခြေ ဘယ်လောက် မီးရှို့ခံရလဲ ဆိုတာတော့ တိတိကျကျ မသိရဘူးလို့လည်း ဆိုကြပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ အစီရင်ခံစာအရ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ နေအိမ် ၂၆,၉၇၀ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။