အိန္ဒိယခေါင်းဆောင်တွေက မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ပြောဆိုဖို့
2011.12.12

မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အိန္ဒိယနိုင်ငံ လွှတ်တော်မှာ အရေးတယူ ဆောင်ရွက်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စကို အဓိကထား လေ့လာသင့်တယ်လို့ Burma Center New Delhi အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။
“ဒီနေ့ အိန္ဒိယပါလီမန်ထဲမှာ အရေးကြီးဆုံး အဆိုနဲ့ ငြင်းဆိုချက်ကတော့ ခြစား၊ လာဘ်စား တိုက်ဖျက်မှုအတွက် အင်နာ ဟာဇာရီ ဦးဆောင်ပြီးတော့ လုပ်နေတဲ့ ဂန္ဒီနည်းနဲ့ ဆန္ဒပြမှုက လွှတ်တော်ထဲမှာကို ပူညံပူညံ ဖြစ်နေတဲ့အချိန်၊ ဒီဟာတွေဟာ အချိန်ကောင်းဖြစ်ပြီးတော့ ဦးရွှေမန်းတို့လည်း ဗမာပြည်မှာ အဂတိလိုက်စားမှု ကင်းအောင် လူထုအားနဲ့ ဆောင်ရွက်တဲ့နည်းတွေကို ခွင့်ပြုသင့်တယ်။ ဗမာပြည်သူတွေကလည်း အဲဒီနည်းမျိုးနဲ့ ရအောင်လုပ်သင့်တယ်ဆိုတဲ့ နမူနာကောင်းရနိုင်တဲ့ အချိန်လည်း ဖြစ်ပါတယ်”
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ မြန်မာ လွှတ်တော်ကိုယ်စားလှယ် အယောက် ၃ဝ ဟာ အိန္ဒိယ အထက်နဲ့အောက် လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို ငါးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်နေတာပါ။ ကိုယ်စားလှယ်အဖွဲ့မှာ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ အသီးသီး လိုက်ပါသွားပါတယ်။
ဒီခရီးစဉ်မှာ အိန္ဒိယရဲ့လွှတ်တော်နိုင်ငံရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို လေ့လာဖို့ရှိတယ်လို့ သိရပါတယ်။ ခရီးစဉ်အတွင်း မြို့တော်နယူးဒေလီအပြင် စီးပွားရေးအချက်အချာကျတဲ့ မွန်ဘိုင်းမြို့ကိုလည်း သွားရောက် လေ့လာမယ်လို့ ဆိုပါတယ်။