ရွှေဘို KTV ပစ်ခတ်မှု လေးဦး သေဆုံး၊ နှစ်ဆယ်နီးပါး ဖမ်းဆီးခံရ
2023.11.29
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သူဇာရပ်ကွက်ရှိ ညမွှေးပန်း KTV မှာ နိုဝင်ဘာလ ၂၇ ရက်ညက လုံခြုံရေးတပ်ဖွဲ့နဲ့ ဆိုင်ကိုလာရောက်တဲ့ လူငယ်တွေကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး လူငယ်လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်ဝန်ထမ်းတွေ အပါအဝင် နောက်ထပ် လူနှစ်ဆယ်နီးပါး အဖမ်းခံထားရတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၂၇ ရက် ည ၈ နာရီကျော်မှာ ညမွှေးပန်း KTV ဆိုင်ကို ရဲနဲ့ စစ်သားတွေက ရုတ်တရက် ဝင်ရောက် စစ်ဆေးရာမှာ သီချင်းဆိုနေတဲ့ လူငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။
ရဲနဲ့ စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားလေးဦး သေဆုံးခဲ့ပြီး၊ ဆိုင်ဝန်ထမ်းတွေ အပါအဝင် နှစ်ဆယ်နီးပါး အဖမ်းခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေဘိုမြို့ခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“စစ်ကောင်စီ လက်အောက်ခံ လုံခြုံရေးအဖွဲ့တွေက လာစစ်တာပေါ့။ လာစစ်တဲ့အချိန် သီချင်းဆိုနေတဲ့ သူတွေထဲက အစစ်ဆေးမခံဘဲ သေနတ်ပြန်ထုတ်ပြီး ပစ်တာ။ အဲဒီမှာ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်တော့တာပဲ၊ သီချင်းဆိုတဲ့အဖွဲ့ထဲက လူငယ်လေးဦးကတော့ နေရာမှာတင် သေသွားပါတယ်။ တခြားဝန်ထမ်းနဲ့ ဆိုင်ကိုရောက်နေတဲ့ ဧည့်သည် အပါအဝင် နှစ်ဆယ်နီးပါး ဖမ်းခံထားရတယ်”
မျက်မြင်တွေ့ရှိသူတွေရဲ့ အပြောအရ သေဆုံးသူတွေဟာ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ ဘာကြောင့် လက်နက် ကိုင်ဆောင်ထားသလဲ၊ သူတို့ ဘယ်သူတွေလဲ ဆိုတာကို အတိအကျ မသိရသေးပါဘူး။
သေဆုံးသူ၊ အဖမ်းခံထားရသူတွေရဲ့ အမည်အတိအကျ သိရဖို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
လူငယ်လေးဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ပစ်ခတ်မှုဖြစ်ပြီး တစ်နာရီအကြာမှာ လူနာတင်ယာဉ်တွေနဲ့ ရွှေဘိုဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ရွှေဘိုမြို့က စားသောက်ဆိုင်နဲ့ KTV ဆိုင် အားလုံးနီးပါး ည ခုနစ်နာရီကစလို့ ဧည့်သည်လက်ခံတာ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၄,၂၀၃ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။