မြန်မာကို ဖိအားပေးကြဖို့ ကုလကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆို
2018.04.30

မြန်မာနိုင်ငံထဲက ထွက်ခွာလာပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံထဲမှာနေထိုင်သူ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကိုဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီသံတမန်တွေကို တောင်းဆိုလိုက်ပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီကနေ့တနင်္လာနေ့မှာ မြန်မာနိုင်ငံကိုသွားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့နဲ့မတွေ့ဆုံခင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီဟာ မြန်မာအစိုးရအပေါ် ပိုပြီးဖိအားပေးသင့်ပါတယ်။ ဒါမှ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ သူတို့နိုင်ငံသားတွေကို ပြန်ခေါ်မှာဖြစ်ပါတယ်လို့ ရှိတ်စဟာဆီနာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံထဲကထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာနေထိုင်တဲ့ ဒုက္ခသည်တွေ နေရပ်ကို အန္တရာယ်ကင်းစွာပြန်နိုင်ရေး သေချာအောင်ဆောင်ရွက်ပေးဖို့ ဖိအားပေးမယ်လို့ လုံခြုံရေး ကောင်စီဝင်သံတမန်တဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေကို ဒီကနေ့ လှည့်လည်ကြည့်ရှု အပြီးမှာ ပြောပါတယ်။
‘ဒါဟာလူသားခြင်းစာနာကူညီမှုဆိုင်ရာပြဿနာနဲ့ လူ့အခွင့်အရေးကိစ္စပါ’ လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ၃ရက် ကြာခရီးစဉ်အပြီး မြန်မာနိုင်ငံကိုမထွက်ခွာခင်ကလေးမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌဖြစ် တဲ့ ကူဝိတ်သံအမတ်ကြီး “မန်ဆော အယ်လ် အိုတေးဘီ”(Mansour al-Otaibi) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နိုင်ငံပေါင်း ၁၅ နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် သံတမန်တွေဟာ မနေ့က တနင်္ဂနွေနေ့မှာ ဒုက္ခသည်ပေါင်း ၇ သိန်းဝန်းကျင်လောက်နေထိုင်တဲ့ ကောက်ဆက်ဘဇားပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ တနင်္လာနေ့မနက်မှာ ရခိုင်ပြည်နယ်ကို ရဟတ်ယာဉ်နဲ့ ပျံဝဲပြီးပြီး အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် မီးမလောင်ဘဲ ကျန်နေတဲ့ရွာတွေကို ရဟတ်ယာဉ်ပေါ်ကနေကြည့်ရှုမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ရဲ့အခြေအနေဟာ အဖြေရှာမရဘဲ ဒီအတိုင်းရှိမနေသင့်ပါဘူး။ အဲဒီလိုပဲ ကျနော်တို့အဖွဲ့က မြန်မာနိုင်ငံကို၊ ဒုက္ခသည်တွေနဲ့ တကမ္ဘာလုံးကိုပြောချင်တာကလည်း ကျနော်တို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒီပြဿနာကိုဝိုင်းဝန်းဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ကူညီနေတယ်ဆိုတဲ့အကြောင်းပါပဲလို့ UN လုံခြုံရေးကောင်စီရဲ့ ကူဝိတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးးကပြောပါတယ်။ သက်ဆိုင်ရာအဖွဲ့အားလုံးဟာ ပြဿနာကို အတတ်နိုင်ဆုံး မြန်မြန်ဖြေရှင်းနိုင်ဖို့ကြိုးစားကြရပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ နှုတ်ဆိတ်မနေသင့်ပါဘူးလို့ သူကဆက်ပြောပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားသဘောတူထားတဲ့ ဒုက္ခသည်တွေပြန်လည်ခေါ်ယူရေးကိစ္စမှာ မိမိဆန္ဒ အလျှောက် နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေအတွက် လွတ်လပ်အန္တရာယ်ကင်းပြီး ဂုဏ်သိက္ခာရှိတဲ့ အိမ်အပြန် ဖြစ်စေရေး အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ နည်းလမ်းတွေ ရှာဖွေကူညီသွားမှာဖြစ် ပါတယ်လို့လည်း မစ္စတာအိုတေးဘီက ပြောခဲ့ပါသေးတယ်။