SNDP ပါတီ ပထမအကြိမ်ညီလာခံ တောင်ကြီးမြို့အသင်းရုံးမှာ ကျင်းပ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ရဲ့ ပထမအကြိမ် ညီလာခံကို တောင်ကြီးမြို့ အသင်းရုံးမှာ ကျင်းပနေပြီး အာဏာပိုင်တွေဖက်က အနီးကပ် မျက်ခြေမပြတ် စောင့်ကြည့်မှုရှိပေမဲ့ အနှောင့်အယှက် ပေးတာတော့ မရှိဘူးလို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

2010.12.14
sai_aik_paung_shan_sndp_305_z.png ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပါတီရုံးတွင် သြဂုတ်လ ၄ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မနေ့ကစပြီး သုံးရက်တာ ကျင်းပနေတဲ့ အဲဒီ ညီလာခံကို ရှမ်းပြည်နယ် ၅၂ မြို့နယ်က ရွေးချယ်ခံလွှတ်တော် အမတ်တွေ၊ ပါတီခေါင်းဆောင်တွေနဲ့ ပါတီတာဝန်ရှိသူတွေ စုစုပေါင်း လူ၂၃၀ လောက် တက်ရောက်နေကြောင်း၊ ညီလာခံကို စစ်အစိုးရရဲ့ SB ထောက်လှမ်းရေးအဖွဲ့က ၄ ဦးလာ ရောက်ပြီး ဓာတ်ပုံရိုက်ယူတာ အပြင် အနီးကပ် စောင့်ကြည့်နေခဲ့ပေမဲ့ တစုံတရာ တားဆီး နှောင့်ယှက်တာ မရှိဘူးလို့ SNDP ပါတီ တောင်ကြီးမြို့ရုံးအဖွဲ့မှူး ဦးစိုင်းခမ်းလိတ်က ပြောပါတယ်။

SNDP ပါတီရဲ့ ညီလာခံကို မနက်ဖြန်မှာ အဆုံးသတ်မှာ ဖြစ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ် ဆုံးဖြတ်ချက်တချို့ ချမှတ်ဖို့ ရှိတယ်လို့ သိရပါတယ်။ ညီလာခံကို မူလက တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု အသင်းခန်းမမှာ ကျင်းပဖို့ ပြည်နယ်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ စီစဉ်ခဲ့ပေမဲ့ အထက်အမိန့်ကြောင့် အနီးကပ်ကျမှ အဲဒီနေရာမှာ ကျင်းပခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့ ကျားဖြူပါတီခေါ် SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အမတ်နေရာ ၁၅၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ ၅၇ ဦး အနိုင်ရရှိထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။