RCSS နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ဒုက္ခ သည် နှစ်ထောင်နီးပါး ထွက်ပြေးနေရ


2016.10.04
shan-refugees-620.jpg ရှမ်းပြည်နယ်မှာ RCSS/SSA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို တုံလျောင်းရွာက ဘုန်းကြီးကျောင်းမှာ တွေ့ရစဉ်
Photo: Sai Aung Myint Oo
ရှမ်းပြည်နယ် မိုင်းကိုင်မြို့ တုံလောင်းမြို့နယ်ခွဲက ပန်ပွဲကျေးရွာအုပ်စုအတွင်းမှာ အစိုးရနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ နှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ခလရ ၂၉၂ တပ်ဖွဲ့နဲ့ RCSS အကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို RCSS အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းမိဏ်း က အခုလို ပြောပါတယ်။

"ပန်ပွဲကျေးရွာအုပ်စုမှာ ကျနော်တို့ မူးယစ်ဖြတ်စခန်း ဖွင့်ထားတာပေါ့နော်၊ အဲဒီနေရာကို သူတို့က ထိုးစစ်ဆင်လာတာပေါ့၊ ဒီအချိန်မှာ ကျနော်တို့တပ်တွေလည်း အဲ့နေရာမှာ မရှိပါဘူး၊ ရွာက အကူ တပ်သားတွေနဲ့ပဲ သူတို့ စောင့်ပြီးတော့ မူးယစ်ဖြတ်တဲ့စခန်းမှာရှိတာပါ၊ အဲ့မှာသူတို့က ဒီမူးယစ်ဆေး ဝါးနဲ့ ပတ်သက်တဲ့ တရားခံတွေကို လွှတ်ပေးလိုက်တာရှိတာပေါ့၊ နောက်ပိုင်း ညဖက်မှာ ကျနော်တို့နေ တဲ့နေရာကို လာပြီးတော့ ထိုးစစ်ဆင်တယ် လာတိုက်တယ်၊ ၁ ရက်နေ့က စဖြစ်တာပေါ့နော်၊ တိုက်တယ် ပြီးတော့ သူတို့ စစ်ကူထပ်လာဖြည့်တယ်၊ အဲ့မှာလည်း ပိတ်ပြီးတိုက်တယ်၊ ဒါပေမဲ့ အကျအဆုံးတွေတော့ ကျနော်တို့ အတိအကျ စာရင်းတော့ မရသေးဘူး၊ သိရသလောက်ကတော့ ဒီဖမ်းဆီးရမိတာတော့ ကျော ပိုးအိတ် ၆ လုံးပေါ့၊ နှစ်ဖက်စလုံး ဆုတ်လိုက်ပါပြီ၊ သူတို့တပ်တွေကလည်း တုံလောင်းတပ်ထဲကို ပြန်ဝင် သွားပြီး၊ ကျနော်တို့တပ်တွေကလည်း ဒီတိုက်ပွဲဆက်မဖြစ်အောင်ဆိုပြီးတော့ အထက်လူကြီးတွေက အမိန့်နဲ့ ကျနော်တို့ တပ်ဆုတ်ထားပါတယ်"

အခုလို တိုက်ပွဲဖြစ်ပွားတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း RCSS အဖွဲ့က မူးယစ်ဆေးဝါး ဖြတ်ပေးဖို့ ဖမ်းဆီးခေါ်ဆောင်လာသူတွေထဲမှာ အစိုးရတပ်မတော်ဘက်က တစ်ဦးပါဝင်ခဲ့တဲ့အတွက် တပ်မတော်က မကျေနပ်တာကြောင့် လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့လည်း ဗိုလ်မှူး စိုင်းမိဏ်း က ပြောပါတယ်။

လတ်တလော တိုက်ပွဲတွေကြောင့် ပန်ပွဲ၊ ပန်ဆတ်၊ ကုန်းဆာ၊ နမ့်ကတ် စတဲ့ကျေးရွာတွေက ဒေသခံ နှစ်ထောင် နီးပါးကို တုံလောကျေးရွာမှာရှိတဲ့ မွေတော်တောင် ဘုန်းကြီးကျောင်းနဲ့ မွေတော်မြောက် ဘုန်းကြီးကျောင်းတွေ မှာ နေရာချပေးထားပါတယ်။

စစ်ဘေးဒုက္ခသည်တွေအတွက် တစ်ရက်ကို ဆန်အိတ် ၂၀ ခန့်လိုအပ်နေပြီး အဝတ်အထည်နဲ့ စောင်တွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် စိုင်းသူရိန်ဦး က ပြောပါတယ်။

"ဒုက္ခသည်တွေ အခြေအနေကတော့ မနေ့က လူဦးရေ ဒီစာရင်းကောက်ထားတာတော့ ၁၁၄၀ ကျော်ပေါ့နော်၊ ၁၁၄၀ ကျော်က စာရင်းကောက်နိုင်သလောက်ပေါ့၊ အဲ့မှာ ဗိုက်ကြီးသည် ၂၀ ကျော်နဲ့ လူအိုတွေ ၂၀ ကျော်ပါတယ်၊ စာရင်းမကောက်ရသေးတာက တော်တော်ကျန်တယ် ရာကျော် ကျန်တယ်၊ သူတို့ ဒီအတိုင်းပဲ လက်လွတ်ပြေးလာရတော့ ဒီဘုန်းကြီးကျောင်းမှာပဲ အကုန်လုံး လာစုနေရ တာ၊ လောလောဆယ်တော့ ဒီရွာလုံးကျွတ်တွေရယ် ကျနော်တို့အဖွဲ့တွေရယ် နည်းနည်းထောက်ပံ့ထား တာရှိတယ်၊ ပြီးရင် ဒီနေ့သွားပြီးတော့ ရိက္ခာ စားနပ်ရိက္ခာ ဆန်တို့ စောင်တို့ သစ်သီးဝလံတို့ သွားပို့ရ မှာတွေ ရှိပါသေးတယ်ဗျ၊ လောလောဆယ်တော့ ဒီအနီးအနားတွေကပဲ စုပေါင်းပြီးတော့ပဲ ကူထား ပါသေးတယ်"

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA တပ်ဖွဲ့တွေ နေရာယူထားတဲ့ နယ်မြေအတွင်းကို တစ်စုံတရာ အကြောင်းမကြားဘဲ ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်တာဟာ NCA စာချုပ်ပါ ကတိကို တပ်မတော်က ချိုးဖေါက်လိုက်တာဖြစ်ပြီး ငြိမ်းချမ်းရေးကို ပျက်ပြားအောင် လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဗိုလ်မှူး စိုင်းမိဏ်း က ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၅ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့နဲ့အတူ အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။