လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ် တစ်ဦး သေဆုံး
2016.10.01
ဒီနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးမြို့နယ်ခွဲ ပူးဝမ်းကျေးရွာအနီးမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေရဲ့ တိုက်ပွဲကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြပါတယ်။
အစိုးရတပ်က တပ်မ ၉၉ လက်အောက်ခံတပ်နဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ တပ်တွေ အကြား တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးကျည်ဆံ ထိမှန်တာကြောင့် ကလေးငယ် သေဆုံးသွားတာဖြစ်တယ် လို့ မုန်းကိုး ဒေသခံတစ်ဦးက ပြောပါတယ်။
"ဖြစ်တာက ဒီမနက် ၆ နာရီနဲ့ ၆ နာရီခွဲကြားမှာ အစိုးရစစ်ကြောင်းက တပ်မ ၉၉ လို့ကြားတယ်၊ ဖြစ် တဲ့နေရာက ကေအိုင်အေ တပ်ရင်း ၃၆ နယ်မြေပေါ့၊ ဖောင်းဆိုင်ဒေသ ပူးဝမ်းဆိုတဲ့ကျေးရွာမှာပေါ့၊ အဲဒါ အစိုးရစစ်ကြောင်းကနေ လက်နက်ကြီး ၆ လုံး ရွာထဲပစ်လိုက်တယ်၊ အဲဒီမှာ ကလေး ၃ ယောက် ထိတာပေါ့၊ ကလေး ၃ ယောက်ထဲကနေ အငယ်ဆုံး အသက်က ၂ နှစ်ကျော်ပဲ ရှိသေးတယ်၊ ဇုံးမျှော် ဆို တဲ့ အမျိုးသမီး ကတော့ အသက်ဆုံးသွားပြီပေါ့၊ ကျန်တဲ့ကလေး ၂ ယောက်ကျတော့ ယောကျ်ားလေးတွေ ၊ တစ်ယောက်က ဒဏ်ရာပြင်းတယ်၊ နောက်တစ်ယောက်က ခြေထောက်မှာထိတာဆိုတော့ သိပ်မစိုးရိမ် ရဘူး၊ ဗိုက်ထိတဲ့ ကလေးကျတော့ စိုးရိမ်စရာရှိတယ်"
ကျန်တဲ့ကလေး ၂ ယောက်ကို တရုတ်နိုင်ငံဘက်က ဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲကြောင့် အိမ်ခြေ ၆ဝ လောက်ရှိတဲ့ ပူးဝမ်းကျေးရွာက ရွာသူရွာသားတွေ အားလုံး တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။