ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု အစီအရင်ခံစာ ထုတ်ပြန်

Shan Drug Watch ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ကနေ ပြုစုထားတဲ့ Win - Win Solution သူနိုင်ကိုယ်နိုင် ဖြေရှင်း မည့် နည်းလမ်း ဆိုတဲ့ ၂၀၁၂ ခုနှစ် မူးယစ်ဆေးဝါး အစီရင်ခံစာ တစ်စောင် ဒီကနေ့ ထုတ်ပြန်လိုက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

2012.06.26
u-khun-sai-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်၊ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချူပ် ဦးခွန်ဆိုင်းက ရှင်းလင်းပြောကြားနေစဉ်။
RFA

ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ထဲမှာ ရှမ်းပြည်နယ်အတွင်း စစ်တမ်းကောက်ယူခဲ့ပြီးနောက် ၁၉၉၀ ခုနှစ်က စစ်အစိုးရကနေ ၁၅ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး စီမံကိန်းချထားတာဟာ အောင်မြင်မှု မရှိပဲ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးမှု မြင့်တက်လာနေပြီး ယာဘ စိတ်ကြွဆေးပြားတွေပါ အများအပြား ထုတ်လုပ်သုံးစွဲလာ တာ တွေ့နေရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ရှမ်းပြည်နယ် မူးယစ်ဆေး ဝါး စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်၊ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချူပ် ဦးခွန်ဆိုင်းက ဓာတ်ပုံတွေနဲ့တကွ ရှင်းလင်းခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ်မှာ ပိုပြီးတော့မှ တိုးပြီးတော့မှ ထွက်လာတယ်ဆို တာ တွေ့ရတယ်၊ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာဆိုရင် အားလုံး ၅၅ မြို့နယ် ရှိတယ်။ ဒီ ၅၅ မြို့နယ်ထဲမှာ အစိုးရက ပစ်မှတ်ထား တာက ၃၉ မြို့နယ်ပဲ ရှိတယ်။ သို့သော်လည်းပဲ တကယ်တမ်း စိုက်တာက ၄၉ မြို့နယ်တောင် ရှိနေတယ်။ အဲတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ သူတို့ ၁၅ နှစ် စီမံကိန်း ထားထားတာဟာ ဒါဟာ မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ တဘက်ကလည်း သူတို့ ၁၅ နှစ်စီမံကိန်း အပြင်ဖက်မှာ ဘာရှိသေးလဲ ဆိုတော့ ဒီ ယာဘတို့ ATS တို့ ပြဿနာ တစ်ခုရှိတယ်။ ဒီ ယာဘ တို့ ATS တို့က လည်း အခု ပြီးခဲ့တဲ့ နှစ်တွေမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတယ်။ ဒီလိုမျိုး နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတဲ့ အခါကြတော့ ပိုမိုထုတ်လုပ်မှုက ပိုများလာတာကို တွေ့ရတယ်”

ယာဘ စိတ်ကြွဆေးပြားတွေဟာ ထိုင်းနိုင်ငံက ရင်းနှီးမြုပ်နှံသူတွေက ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ် နယ်မြေတွေမှာ ထုတ်လုပ်နေကြပြီး ပြီးခဲ့တဲ့နှစ်မှာ ယာဘ စိတ်ကြွဆေးပြား တစ်လုံးကို ကျပ် ၁၂၀၀ နဲ့ ဝယ်ယူသုံးစွဲ တာ တွေ့ရပေမယ့် ယာဘဆေးပြားတွေ ပိုမိုထုတ်လုပ်လာတဲ့ အခြေအနေတွေကြောင့် လွန်ခဲ့တဲ့လအတွင်းမှာ နမ့်ခမ်းမြို့နယ်ထဲက မိန်းဝင်းကျေးရွာအုပ်စုမှာ ကျပ် ၅၀၀ လောက်နဲ့ပဲ အလွယ်တကူ ဝယ်ယူသုံးစွဲလို့ ရလာတဲ့ အခြေအနေ အထိ ဖြစ်လာနေကြောင်း ထောက်ပြ ပြောဆိုသွားပါတယ်။

ရှမ်းပြည်နယ်ထဲမှာ ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာတာဟာ လည်း ဒေသတွင်း တည်ငြိမ်မှုမရှိပဲ စစ်ပွဲတွေ ဖြစ်ပွားနေ တာကြောင့် ဒေသခံပြည်သူတွေ စီးပွားရေး ကျပ်တည်းလာရပြီး အချိန်မကြာဘဲ လအနည်းငယ်အတွင်းမှာ အလွယ်တကူငွေရရှိတဲ့ ဘိန်းစိုက်ပျိုးမှုတွေ လုပ်ကိုင်လာကြတာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

လက်ရှိအစိုးရသစ်အနေနဲ့ ဘိန်းစိုက်ပျိုးမှုတွေ လုံးဝပပျောက် သွားအောင် လက်နက်ကိုင် တစ်ဘက်နဲ့ တစ်ဘက် ရန်သူလို သဘောမထားကြဘဲ နိုင်ငံရေးဖြေရှင်းမှုတွေ အမြန်းဆုံးလုပ်ဆောင်ပြီး မူးယစ်ဆေးဝါး ပပျောက်ရေးကို ပထမ ဦးစားပေး အနေနဲ့ လုပ်ဆောင်သင့်တယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။

"ဇာစ်မြစ်ကို သွားရှာလိုက်လို့ရှိရင် နိုင်ငံရေးကိုပဲ ကျွန်တော်တို့တွေ့ရမှာပေါ့နော်။ ကျွန်တော်တို့ဆီမှာ ဒီ နိုင်ငံရေး သဘောတူညီချက် မရှိဘူး၊ ဒီ နိုင်ငံရေး သဘောတူညီချက် မရှိတာကို ဒီမိုကရေစီနိုင်ငံတွေမှာ ဆိုလို့ရှိရင်တော့ သူတို့က ဒါ လူ့အခွင့်အရေးပဲ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာ ဒါဟာ ဘာမှ ပြဿနာမဟုတ်ဘူးလို့ မြင်တယ်။ သို့သော်လည်း ကျွန်တော်တို့ တိုင်းပြည်မှာကြတော့ အမြင်မတူရင် ရန်သူဆိုတဲ့ အမြင်က ရှိနေတဲ့ အခါကြတော့ အဲ့ဒါ အမြင်နဲ့ သူတို့ရဲ့နိုင်ငံရေး ရန်သူတွေကို သူတို့တိုက်ဖျက်ဖို့ ဒါကို ပိုပြီးတော့ အလေးထား လာတယ်။ ဒီလိုမျိုး အလေးထားလာတဲ့ အခါကြတော့ မူးယစ်ဆေးဝါးက သူတို့က အရင်ဦးစားပေး ပြဿနာ မဟုတ်တော့ဘူး။ တတိယ၊ စတုတ္ထ ဦးစားပေးလောက် ပဲ ဖြစ်နေတယ်။ အဲဒါကြောင့် မို့လို့ အခုထိ မဖြေရှင်းနိုင်ဘူး ဖြစ်တယ်”

ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ ရေးသားခဲ့တဲ့ ဦးခွန်ဆိုင်းဟာ ရှမ်းပြည်နယ်အတွင်းက မူးယစ်ဆေးဝါးအရေးကို နှစ်ပေါင်း ၃၀ ကျော် လေ့လာမှတ်တမ်း ပြုစုခဲ့သူ တစ်ဦးဖြစ်ပြီး နှစ်စဉ် စစ်တမ်းကောက်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်း သတင်းတက်ရောက်ယူခဲ့တဲ့ အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့် သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။