ရှမ်းပါတီနဲ့ လက်နက်ကိုင်အဖွဲ့တွေ ပင်လုံအတွက် တိုင်ပင်


2016.06.01
shan-seminar-620.jpg မြန်မာ့ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေခြင်း နှီးနှောဖလှယ်ပွဲ ဇွန်လ ၁ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာကျင်းပစဉ်
Photo: SNLD Facebook

ရှမ်းပြည်နယ်က နိုင်ငံရေးပါတီတွေ၊ ရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား  လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးအပေါ် သဘောထားတွေကို ၂၁ ရာစု  ပင်လုံညီလာခံမှာ တင်ပြနိုင်ဖို့အတွက် ဒီနေ့ တောင်ကြီးမြို့ မှာ  ဆွေးနွေးကြပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ကြီးဟိုတယ်မှာ ပြုလုပ်တာဖြစ်ပြီး တက်ရောက်လာတဲ့ အဖွဲ့ အစည်းတွေရဲ့ အမြင်သဘောထားတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

"အခုကျင်းပမယ့် ညီလာခံမှာ တက်ရောက်ဆွေးနွေးရရင်တော့ဖြင့် ကျနော်တို့ တက်ရောက်ခွင့်မရတဲ့ နိုင်ငံရေး ပါတီဖြစ်စေ၊ ဒါမှမဟုတ် ကျနော်တို့နဲ့ မိတ်ဖက် CSO အဖွဲ့အစည်းတွေဖြစ်စေ သူတို့ရဲ့ငြိမ်းချမ်းရေးအပေါ် မှာ နောက်ပြီးတော့ ပြည်ထောင်စု တည်ဆောက်ရေးအပေါ်မှာ သူတို့ရဲ့အကြံပြုချက်တွေအပေါ် ကျနော်တို့ က ဆွေးနွေးပြီးတော့ ကျနော်တို့ ပါတီတစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး၊ တခြားမှာလည်း အနိုင်ရတဲ့ ပါတီတွေလည်းရှိတယ်၊ အဲ့ဒါရှမ်းပြည်နယ်မှာရှိတဲ့ ပါတီတွေအားလုံးရဲ့ အသံတွေလည်း ပါသွားအောင်ဆိုပြီး ကျနော်တို့ ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်"

အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအပေါ် အကြံပြုချက်များ၊ ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ မူဝါဒများနဲ့ အမျိုးသားတန်းတူရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီအဓိပ္ပါယ်ဖွင့်ဆိုခြင်းဆိုတဲ့ ခေါင်းစဉ် ၃ ခုကို ဆွေးနွေး ကြပါတယ်။

အဲ့ဒီဆွေးနွေးချက်တွေကို ၂၁ ရာစုပင်လုံညီလာခံမှာ တက်ရောက်ခွင့်ရမယ့် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေက တင်ပြနိုင်ရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။

ဒီအစည်းအဝေးကို ရှမ်းပြည်ညီညွတ်ရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး မနက်ဖြန်မှာလည်း ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီနေ့ အစည်းအဝေးကို ရှမ်းပြည်နယ်ထဲက နိုင်ငံရေးပါတီ ၁၉ ခု၊ ရှမ်းပြည်အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ RCSS/SSA ၊ SSPP/SSA စတဲ့ အဖွဲ့အစည်းတွေ တက်ရောက်ကြပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်နေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့်ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။