နမ္မတူကို စစ်ဘေးဒုက္ခသည် ၅၀၀ ဝန်းကျင် ထပ်မံရောက်ရှိ
2016.11.30

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာတဝိုက်မှာ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နမ္မတူမြို့ကို ဒီကနေ့ ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀ ဝန်းကျင်ရှိတယ်လို့ နမ္မတူမြို့နယ် တအာင်းပလောင် အမျိုးသားပါတီဥက္ကဌ ဦးအောင်မြင့်က ပြောပါတယ်။
တိမ်းရှောင်လာသူ အများစုဟာ ရှမ်းလူမျိုးတွေ ဖြစ်တဲ့အတွက် နမ္မတူမြို့ပေါ်က ရှမ်းဘုန်းတော်ကြီး ကျောင်းတွေ မှာ နေရာချပေးထားပြီး စားဝတ်နေရေးကိုလည်း ဘုန်းကြီးကျောင်းတွေက လတ်တလော တာဝန်ယူထားတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။
"အများအားဖြင့် ရှမ်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကို ရှမ်းဘုန်းတော်ကြီးကျောင်းတွေမှာပဲ ယာယီနေရာ ချခိုင်းထားတယ်။ ရှမ်းအသိုင်းအဝိုင်းတွေ လာကြည့်ကြတယ်။ လာထောက်ပံ့ကြတယ်။ လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာရှိတဲ့ ဂေါပက အစီအစဉ်နဲ့ပဲ သွားရမှာပေါ့။"
ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ နမ္မတူ- မန်တုံ လမ်းကြောတလျှောက်မှာနေတဲ့ ဒေသခံတွေဖြစ်ပြီး တပ်မတော်ဘက်က တိမ်းရှောင်ခိုင်းတဲ့အတွက် အခုလို တိမ်းရှောင်လာတာဖြစ်တယ်လို့ သိရပါတယ်။
နမ္မတူမြို့မှာ အရင်ကတည်းက စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက မန်တုံမြို့နယ်မှာ တပ်မတော်နဲ့ တအာင်း ပလောင်လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံနေကြရသူ အများစု ပါဝင်ပါတယ်။
တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေ ကြား နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ဒီကနေ့ မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာဝန်းကျင်မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အဲဒီဒေသကနေ နမ္မတူမြို့နယ်ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ က ပြောပါတယ်။