ရွှေတူးဖော်ရေးကုမ္ပဏီတွေ လုပ်ရပ် ရှမ်းလူ့အခွင့်အရေး အဖွဲ့တွေ ရှုတ်ချ
2016.03.03

ရှမ်းပြည်နယ် တာချီလိတ်ခရိုင် နားဟိုင်းလုံ ကျေးရွာမှာ ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေက ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးပေးပြီး နှုတ်ပိတ်တဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ရှမ်းပြည် နယ် တောင်သူလယ်သမားများကွန်ရက်နဲ့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်တို့က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖောဝါရီလ ၂၈ ရက်နေ့က ရွာသား ၃ဝ ကျော်ကိုခေါ်ပြီး ငွေပေးနှုတ်ပိတ်တာဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ဝင် ကိုစိုင်းခွန်းမိုင်က ပြောပါတယ်။
"၂၈ ရက်နေ့ပေးတဲ့ဟာကျတော့ ကုမ္ပဏီတွေက ရွာသူရွာသားတွေကို လျော်ကြေးအနေနဲ့ ပျက်စီးဆုံးရှုံး သွားတဲ့ လယ်တွေအတွက်ပေါ့ သူတို့ကို ရုံးကိုခေါ်ထားတယ်၊ လယ်ဧက ၇ ဧကကျော်လောက် ထပ်ပျက်စီးသွားတဲ့အတွက်ကြောင့်မို့လို့ နောက်ထပ်ကုမ္ပဏီတွေက ထပ်တိုးလာတဲ့အတွက်ကြောင့်မို့ ဒီပျက်စီးသွားတဲ့ လယ်ဧကကို အလျော်ပေးမယ်ပေါ့၊ တစ်ဧကကို ၁၂ဝဝဝ ပြောမယ်ဆိုရင်တော့ ဒါနှုတ်ပိတ်ချင်တဲ့သဘောပဲ"
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရွှေတူးဖော်ရေးလုပ်ငန်းတွေအနီးကို သွားရောက်စောင့်ကြည့်ခဲ့တဲ့ နားဟိုင်းလုံရွာသားတွေကို လုံခြုံရေးယူထားတဲ့အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူရွာသားရဲ့ မိသားစုဝင်တွေက တာချီလိတ်ခရိုင်တရားရုံးမှာ တရားစွဲဆို ထားကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အစိုးရသစ်အနေနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ သတ္တုတူးဖော်ခွင့်ကို ထိန်းချုပ်ပိုင်ခွင့်ပေးဖို့လည်း တောင်းဆိုထား ပါတယ်။
လွန်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ်ကစပြီး နားဟိုင်းလုံ ကျေးရွာတဝိုက်မှာ စိုင်းစိုက်ပျိုးရေး၊ ရွှေတောင်၊ စိုင်းတစ်၊ လွယ်ခမ်းလုံ စတဲ့ကုမ္ပဏီတွေရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေက စွန့်ပစ်တဲ့ပစ္စည်းတွေကြောင့် လယ်ယာမြေဧက ၃ဝဝ ကျော် ပျက်စီးနေပြီး ၂ဝ၁၄ ခုနှစ်က အဲ့ဒီလယ်ယာမြေတွေအတွက် ကျပ်သိန်း တစ်ထောင်ကျော် လျော်ကြေးပေးမယ်လို့ ကုမ္ပဏီ ၃ ခုက ကတိပေးခဲ့ပေမယ့် အမှန်တကယ် ပေးအပ်ခြင်းမရှိဘူးလို့လည်း ပါရှိပါတယ်။
ကုမ္ပဏီတွေရဲ့ ရွှေတူးဖော်မှုကို ရပ်ဆိုင်းဖို့ ရှမ်းပြည်နယ် သတ္တုနဲ့ သစ်တောဝန်ကြီးက ညွှန်ကြားခဲ့ပေမယ့် ဆက်လက်တူးဖော်နေတာလို့လည်း သိရပါတယ်။