ရွှေတူးဖော်မှုတွေကြောင့် တနိုင်းမြို့နယ်မှာ စိုက်ပျိုးမြေဧက ၄၀၀ ခန့်ပျက်စီး

2023.06.21
ရွှေတူးဖော်မှုတွေကြောင့် တနိုင်းမြို့နယ်မှာ စိုက်ပျိုးမြေဧက ၄၀၀ ခန့်ပျက်စီး ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ တန်းလတ်ရွာအနီးမှာ ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားသည့်မြေများကို ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ တန်းလတ်ရွာအနီးမှာ ရွှေအလွန်အကျွံ တူးဖော်မှုတွေကြောင့် စိုက်ပျိုးမြေ ဧက ၄၀၀ ဝန်းကျင်လောက် ပျက်စီးသွားတယ်လို့ ရွှေတူးဖော်မှုကို စောင့်ကြည့်လေ့လာနေတဲ့ ဒေသခံတွေက ဇွန်လ ၂၁ ရက် ဒီနေ့မှာ RFA ကိုပြောပါတယ်။

နဂိုကတည်းက ရွှေတူးဖော်မှု အနည်းငယ်ရှိခဲ့တဲ့ အဲဒီရွာမှာ အာဏာသိမ်းပြီးတဲ့နောက်မှာ တော့ ရွှေးတူးဖော်မှုတွေ ပိုများလာကြောင့် စိုက်ပျိုးမြေတွေပါ ထိခိုက်ပျက်စီးလာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တန်းလတ်ရွာမှာက မြေဧက ၄၀၀ လောက်က စိုက်ပျိုးသီးနှံလည်း စိုက်ပျိုးစားလို့ မရတော့ဘူး။ ရွှေတွေ အရမ်းလုပ်တဲ့အခါကျတော့ ဒီဟာက ပျက်စီးသွားတာပေါ့။ ချောင်းတွေကလည်း တဖြည်းဖြည်းနဲ့ တိမ်ကောလာတယ်။ လုံးဝအဆင်မပြေတော့ဘူး။ နေရာတကာ မျှော်မြီးပုံ (မြေစာပုံ) တွေပဲဖြစ်နေတာ"

ရှင်ဗွေယန်မြို့အထွက် နေရာတော်တော်များများမှာ ရွှေတူးဖော်နေကြတာဖြစ်လို့ သီးနှံစိုက်မရတော့တာကြောင့် တခြားရွာတွေဆီပြောင်းပြီး စိုက်ပျိုးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ဒေသခံတွေက ဒီမှာ စိုက်ပျိုးဖို့ အဆင်မပြေတော့ တခြားရွာကို သွားလုပ်ကြရတယ်။ ရွှေတူးတာကို စစ်ကောင်စီကိုလည်း အခွန်ဆောင်တယ်၊ တခြားအဖွဲ့အစည်းတွေကိုလည်း အခွန်ဆောင်တော့ သူတို့ဟာသူတို့ အဆင်တော့ ပြေကြတယ်"

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ကချင်ပြည်နယ်မှာ ရွှေအပါအဝင် သယံဇာတတူးဖော်ခွင့်နဲ့ပတ်သက်လို့ ခွင့်ပြုမိန့် ပေးထားတာ တစ်ခုမှမရှိဘူးလို့ RFA ကို အကြိမ်ကြိမ်ဖြေဆိုထားပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ သယံဇာတ တူးဖော်မှုတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူတွေရဲ့မြေနေရာတွေ သမိုင်းဝင်နေရာတွေ မတူးဖော်ဖို့ စည်းမျဉ်းချမှတ် ထားတာရှိတယ်လို့ RFA ကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ မြေရှားသတ္တု၊ ပယင်း၊ ရွှေ၊ သစ် စတဲ့ သယံဇာတ တူးဖော်ထုတ်လုပ်မှုတွေ သိသိသာသာမြင့်တက်လာသလို တရားမဝင် ရွှေတူးဖော်မှုက ၁၀ ဆကျော်များလာတယ်လို့ ကချင်ပြည်နယ်အခြေစိုက် သယံဇာတ တူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့ Kachin State Accountability Resource Governance (K-SAG) အဖွဲ့က ဧပြီလ ၂၃ ရက်စွဲနဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။