ရှမ်းပြည်က တိုက်ပွဲအတွင်း ကလေးနှစ်ဦးအပါအဝင် အရပ်သား ခုနစ်ဦးသေဆုံးကြောင်း UNOCHA ပြော
2023.10.30

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့တိုက်ပွဲတွေကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံး အရပ်သား ခုနစ်ဦးထိခိုက်သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကလေးတစ်ဦးအပါအဝင် အရပ်သား ကိုးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးနဲ့ နမ့်ခမ်းမြို့နယ်က ဒေသခံတွေ ထိခိုက်သေဆုံးဒဏ်ရာရခဲ့တာပါ။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က "၁၀၂၇ ပူးပေါင်းစစ်ဆင်ရေး" စတင်ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့က ကြေညာခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူလည်း ခြောက်ထောင့်နှစ်ရာကျော်ရှိနေပြီလို့ UNOCHA က ပြောပါတယ်။ ငါးထောင်ကျော်က ဘာသာရေးအဆောက်အဦတွေမှာ ခိုလှုံနေတာဖြစ်ပြီး ကျန်တဲ့ တစ်ထောင် လောက်ကတော့ တောတောင်တွေထဲမှာ ခိုလှုံနေရတာလို့လည်း ပြောထားပါတယ်။
ဒါ့အပြင် အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ချင်းရွှေဟော်မြို့က ဒေသခံ ငါးရာလောက်ဟာလည်း တရုတ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံနေတယ်လို့ သိရကြောင်း UNOCHA က ဆိုပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တို့ အောက်တိုဘာ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ လက်နက်ကြီးစထိမှန်လို့ နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ UNOCHA က ပြောထားပါတယ်။
အဲဒီတိုက်ပွဲကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက် အတိအကျကိုမသိရသေးဘဲ စိစစ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။