မြန်မာ့အရေး အာဆီယံဆောင်ရွက်ချက် မျှော်လင့်သလောက် မဖြစ်သေးကြောင်း စင်ကာပူပြော
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ဆောင်ရွက်မှုတွေဟာ မျှော်လင့်သလောက် မြန်မြန်ဆန်ဆန် ဖြစ်မလာသေးဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဘဲလာခရစ်ရှ်နန် က ပြောလိုက်ပါတယ်။ မြန်မာ့အရေး ဟာ ဖြေရှင်းဖို့ ခက်နေတဲ့အခြေအနေပါလို့ ရိုက်တာသတင်းဌာနကို သောကြာနေ့က ပြောလိုက်တာပါ။ အဓိက သော့ချက်ကတော့ အာဆီယံက တာဝန်ပေးလိုက်တဲ့ အထူးကိုယ်စားလှယ်က ဘယ်လောက် စေ့စပ်ညှိနှိုင်း နိုင်မှာလဲဆိုတဲ့အပေါ် မူတည်ပါတယ်လို့ ပြောပါတယ်။
အာဆီယံ အနေနဲ့ပဲဖြစ်ဖြစ် စင်ကာပူအနေနဲ့ပဲဖြစ်ဖြစ် NUG အစိုးရနဲ့ရော စေ့စပ်ညှိနှိုင်းတာရှိပါသလား ဆိုတာကိုတော့ သူတို့အနေနဲ့ အခြေအနေကို ပိုခက်အောင်လုပ်မှာ မဟုတ်သလို၊ နှစ်ဘက်စလုံးကိုလည်း ကစားမှာမဟုတ်တဲ့အကြောင်းနဲ့ သူတို့အနေနဲ့ လူတိုင်းနဲ့ ဆက်ဆံစေ့စပ်မယ်ဆိုတာ စစ်ကောင်စီ ဘက်ကလည်း သိထားတဲ့အကြောင်း ပြောပါတယ်။
စင်ကာပူနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် မြန်မာပြည်မှာ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က အတည်ပြုချက်အရ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံဖို့ ရှိတယ်လို့ သိရပါတယ်။