ကိုပါကြီး အမှုစုံစမ်းဖော်ထုတ်ဖို့ ဆန္ဒပြသူတချို့ကို အမှုဖွင့်


2014.10.28
kopargyi-prostet-305 ကိုပါကြီး သေဆုံးခဲ့တဲ့ ကိစ္စကို ဒီမိုကရက်တစ်အင်အားစုတွေ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာလ ၂၆ ရက်နေ့က တောင်းဆိုစဉ်
Photo : RFA/ Kyaw Zawe Win

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖေါ်ထုတ် အရေးယူပေးဖို့အတွက် ရန်ကုန်နဲ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့သူတွေထဲကတချို့ကို သက်ဆိုင်ရာရဲစခန်းတွေက တရားမဝင် စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈နဲ့ အမှုဖွင့်လိုက်ပါတယ်။

ပုဒ်မ ၁၈ နဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းက အမှုဖွင့်လိုက်ကြောင်း အတည်ပြုပြောပေမယ့် တရားဝင်အကြောင်းကြားစာပို့လာတာတော့ မရရှိသေးဘူးလို့ ရန်ကုန် မြို့တော်ခန်းမ နားမှာ ဟောပြောခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့က ကိုမိုးသွေးက ပြောပါတယ်။

"ကျနော့်ကို မနေ့ကတုန်းက သတင်းထောက် မိတ်ဆွေတချို့က လှမ်းပြောတယ်၊ ကျနော်က လှမ်းပြီးတော့မှ စခန်းကိုစုံစမ်းတယ်၊ သူတို့က တိတိကျကျမပြောဘူး၊ အမှုဖွင့်ထားတယ်လို့တော့ပြောတယ်၊ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ဖွင့်ထားတယ်ဆိုတာတော့ မပြောဘူး"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က အရပ်ဘက်အဖွဲ့အစည်း ၃ဝ ကျော်စုပေါင်းပြီး ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ကိုပါကြီးအမှုကို စုံစမ်းဖေါ်ထုတ်အရေးယူပေးဖို့ ဟောပြောပွဲကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။

အလားတူ မန္တလေးမြို့မှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ မန္တလေးမြို့ခံ ၃ဝဝ လောက်က ဖယောင်းတိုင်မီးထွန်းပြီး ကိုပါကြီး အသတ်ခံရမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေထဲက ၂၀ ခန့်ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်းက တာဝန်ကျရဲအရာတစ်ဦးက ပြောပါတယ်။

"အယောက် ၂ဝ လောက်ရှိတယ်၊ ကျူးလွန်လို့ ပုဒ်မ ၁၈ နဲ့ စွဲတာပေါ့၊ အမှုဖွင့်တယ်၊ ကျနော်တို့က အခု ဘယ်သူတွေလဲဆိုတာကို စိစစ်နေတုန်းရှိသေးတယ်"

အလွတ်တန်းသတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့အခြေစိုက် အမှတ် ၂၀၈ ခြေမြန်တပ်ရင်းက ဖမ်းဆီးထားစဉ်မှာ ကိုပါကြီးက သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ အတွက် သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တာဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုပါကြီးရဲ့ဇနီး မသန္တာက သူ့ခင်ပွန်းအမှုကို စစ်ဆေးပေးဖို့အတွက် ကျိုက်မရောမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

မသန္တာကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။