ကိုပါကြီး KKO တပ်ဖွဲ့ဝင်ဖြစ်တဲ့ အထောက်အထားမတွေ့ဘူး လို့ ကော်မရှင်ပြော
2014.11.22

အသတ်ခံလိုက်ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ကရင်အစည်းအရုံး KKO အဖွဲ့ဝင်ဖြစ်တဲ့ အထောက်အထား မတွေ့ရကြောင်း အဲဒီအမှုကို စစ်ဆေးနေတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော် က ပြောပါတယ်။
ကိုပါကြီးသေဆုံးမှုကို စစ်ဆေးရာမှာ စစ်တပ်ကစွပ်စွဲ သလို ကရင်အစည်းအရုံး KKO အဖွဲ့ဝင် ဗိုလ်ကြီးအဆင့် ရှိသူဖြစ်တယ်ဆိုတဲ့ အထောက်အထား မတွေ့ ရကြောင်း ဒေါက်တာဉာဏ်ဇော်က ပြောပါတယ်။
"အဲ့ဒါကတော့ အထောက်အထားမတွေ့ဘူးဆိုတာ ဘယ်လိုလုပ်သိမလဲ၊ အထောက်အထား ဘာမှ မရှိတာလေ၊ သူတို့ကတော့ အလွတ်သတင်းထောက် ရဲ့ အဓိပ္ပာယ် freelance ကိုလည်း အဓိပ္ပာယ်ဖွင့်ရတာ နည်းနည်းလေးကျယ်ပြန့်တော့ သူကတော့ သတင်းရေးဖူးတယ်ဆိုတဲ့ ပြောတဲ့လူကတော့ရှိတာပေါ့"
ကိုပါကြီးကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ခမရ ၂၁၀ တပ်က ဖမ်းဆီးထားချိန် သေနတ်လုပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ကိုပါကြီးသေဆုံးမူကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က တပ်မတော်အရာရှိတွေ အပြင် ဒေသခံတွေနဲ့ ဘားအံမြို့က သတင်းထောက်တစ်ဦး စုစုပေါင်း လူဦးရေ ၅၀ ကျော်ကို စစ်ဆေးခဲ့ တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကိုပါကြီးသေဆုံးမှုကို သတင်းထုတ်ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အနေနဲ့ ကိုပါကြီးရဲ့ဇနီး မသန္တာနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
ဒီအတောအတွင်း အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဇနီးသည်မသန္တာထံက ထွက်ချက်ယူဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံ လာရောက်ရေးကိစ္စမှာ လိုက်ပါနိုင်မယ့်သူဦးရေ အကန့်အသတ်ရှိတာကြောင့် သွားရောက်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မသန္တာရဲ့ရှေ့နေက အမျိူးသား လူ့အခွင့်အရေးကော်မရှင်ထံ ဒီကနေ့ စာတစ်စောင်ပေးပို့လိုက်ပါတယ်။
ဒီအကြောင်း RFA ဝိုင်းတော်သား ဦတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။