ကိုပါကြီး သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု စတင်


2014.12.15
kopargyi-622.jpg ကိုပါကြီး သတ်ဖြတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရေး မန္တလေးမြို့မှာ ၂၀၁၄ ဒီဇင်ဘာလက ဆန္ဒပြစဉ်
Photo: RFA

စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သေဆုံးသွား တဲ့ အလွတ်သတင်းထောက် ကိုပါကြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် အများပြည်သူ လက် မှတ်ထိုးတောင်းဆိုမှုတစ်ခု စတင်ဆောင်ရွက်နေပြီလို့ ကိုပါကြီးရဲ့ဇနီး မသန္တာက RFA ကိုပြောပါတယ်။

လက်မှတ်ထိုးတောင်းဆိုတဲ့လှုပ်ရှားမှုကို မြန်မာနိုင်ငံ အမျိုးသမီးကွန်ရက်က ဦးစီးဆောင်ရွက်တာဖြစ်ပြီး ဒီလှုပ်ရှားမှုကို ကိုပါကြီးပျောက်ဆုံးတဲ့အချိန်က စတင်ခဲ့ပါတယ်။ အခုအလောင်းပြန်ရရှိပြီးတဲ့နောက် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်ဆောင် ရွက်တာဖြစ်တယ်လို့ မသန္တာက ပြောပါတယ်။

"တရားမျှတစွာ တရားစီရင်နိုင်ရေး၊ အမှုမှန်ပေါ်ပေါက်ရေး ဆိုတာပါ ထပ်တိုးလိုက်ပြီးတော့ ကျမတို့ ဒါကိုလက်မှတ်ထိုးဖို့လုပ်တယ်၊ လုပ်တဲ့နေရာမှာ တိုင်းနဲ့ပြည်နယ်တော့ မနှံ့သေးဘူးပေါ့၊ အခုဆို ပဲခူး၊ မန္တလေး၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်း အဲ့လောက်တော့ရှိပြီ၊ နောက်စစ်ကိုင်း ငါးတိုင်းလောက်ရှိပြီ၊ ခုလောလောဆယ်ပေးထားတယ်၊ တကယ်လို့ရလာတဲ့အခါ ကျမတို့ သမ္မတ၊ တရားဥပဒေ စိုးမိုးရေးကော်မရှင်နဲ့ လွှတ်တော်အဆင့်ဆင့်ကို တင်မှာဖြစ်သလို လူ့အခွင့်အရေး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကိုလည်း ဒါကိုတင်မယ်ပေါ့

ကိုပါကြီးရဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှာ အောက်တိုဘာလ ၁၉ ရက်နေ့က လူပျောက်မှုဖွင့်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်နေ့ကတော့ သေမှုသေခင်းအမှု ဖွင့်ခဲ့တာဖြစ်ပါတယ်။

ခုလိုအမှုတွေဖွင့်ခဲ့ပြီး ကိုပါကြီးရဲ့အလောင်းကို ပြန်လည်ဖေါ်ယူတာ၊ အလောင်းကို ဆရာဝန်ဆေးစစ် တာတွေ ပြုလုပ်ပြီးဖြစ်ပေမဲ့  အခုအချိန်အထိ တရားရုံးတင်နိုင်ခြင်း မရှိသေးပါဘူး။ အမှုဖွင့်ပြီးတဲ့နောက် သက်ဆိုင်ရာရဲတပ်ဖွဲ့ကတဆင့် တရားရုံးတင်ရမှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်နယ်အတွင်းက သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့နဲ့တကွ တခြားတာဝန်ရှိသူတွေဆီကို တယ်လီဖုံးနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်အားလုံးရဲ့ တယ်လီဖုံးနံပါတ်တွေ ပြောင်းလဲထားတာကြောင့် ကိုယ်တိုင်သွားရောက်စုံစမ်းဖို့ရှိတယ်လို့ မသန္တာကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။