စစ်ကိုင်းမြို့က ပုဂ္ဂလိက အထက်တန်းကျောင်းအုပ် ထောင်လေးနှစ်ချမှတ်ခံရ
2024.05.27

စစ်ကိုင်းမြို့ ရင်သွေးရတနာ ပုဂ္ဂလိကအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ထားထားဦးကို စစ်ကောင်စီက မေလ ၂၅ ရက်နေ့မှာ ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်တယ်လို့ ပြစ်ဒဏ်ချမှတ်ခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကိုင်းခရိုင် ထောင်တွင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ-၅၂ (က) နဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာလို့ ဒေါ်ထားထားဦးနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
"ပုဒ်မ-၅၂ (က) နဲ့ ထောင်ဒဏ်လေးနှစ် ချလိုက်တယ်ဆိုတာပဲ သိရသေးပါတယ်။ အသေးစိတ်ကိုတော့ အခုထိ မသိရသေးပါဘူး"
ကျောင်းအုပ်ဆရာမ ဒေါ်ထားထားဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးကျောင်းတွေနဲ့ ဆက်သွယ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ နေအိမ်ထဲ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးပြီး ရှစ်လအကြာမှာတော့ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ရင်သွေးရတနာ ပုဂ္ဂလိကအထက်တန်းကျောင်းကိုပါ စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ပါတယ်။
ဒီကိစ္စအပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နိုင်ငံရေးဆက်စပ်ပြီး နိုင်ငံတစ်ဝန်းမှာ လူနှစ်သောင်းကျော် (၂၀,၄၈၂ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။