စစ်ကြောင်းတွေကြောင့် ဆိပ်ဖြူ ဒေသခံ ရှစ်ထောင်နီးပါး နေရပ်ပြန်ဖို့ ခက်ခဲနေ
2025.02.01

[Update: 7: 00 PM, Feb 1, 2025]
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၂) အနီးမှာရှိတဲ့ ကျေးရွာတွေကို ဇန်နဝါရီလ ၃၀ ရက်နေ့ကတည်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ထွက်ပြေးနေရ တဲ့ ဒေသခံ ရှစ်ထောင်နီးပါးဟာ ဒီကနေ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဆိပ်ဖြူမြို့ခံတွေက RFA ကို ပြောပါတယ်။
ရေဘိုးကျွန်းကျေးရွာအတွင်းက စာသင်ကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
စစ်ကြောင်းတွေကြောင့် ကူရှည်ရွာမ၊ မြောက်တော၊ ကူရှည်အလယ်စု၊ ကျောက်ကြီး၊ ညောင်ဂွေးဝ၊ တောင်ဖြူ(အရှေ့) တောင်ဖြူ (အနောက်) အုံမှင်ကျေးရွာ၊ ရှားတော စတဲ့ ကျေးရွာ ဆယ်ရွာကျော်က ဒေသခံတွေ ထွက်ပြေးနေရတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဆိပ်ဖြူမြို့ခံ တစ်ဦးက ပြောပါတယ်။
"ကပစ ၂၂ အနီး ရေဘိုးကျွန်းကျေးရွာက စစ်တပ်အင်အား ခြောက်ဆယ်ကျော်လောက်ပါတဲ့စစ်တပ်က ကျောက်ကြီးရွာဝင်တယ်၊ အဲဒီကနေ ညောင်ဂွေးဝ ရောက်လာတာ။ ညောင်ဂွေးဝ ရွာကအထွက် ရွာ့တောင်ဘက်အရောက်ကျမှ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တာ၊ ကပစ ၂၂ နဲ့နီးတော့ သူတို့နဲ့နီးတဲ့ရွာတွေကို စစ်ကြောင်းထိုးပြီး အိမ်တွေကို လိုက်ပြီး မီးရှို့ဖျက်ဆီးနေတာ၊ ရွာ ဆယ်ရွာလောက်က ဒေသခံ ရှစ်ထောင်နီးပါးလောက်ရှိမယ်။ ထွက်ပြေးတိမ်းရှောင်နေကြတာ စစ်ကောင်စီတပ်ကို ကြောက်ရလို့"
နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံတွေအနေနဲ့ နေရေးထိုင်ရေးအတွက် အမိုးအကာနဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
အဲဒီ စစ်ကြောင်းဟာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးနောက် ဒေသခံလူငယ်အမျိုးသား ၁၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံမဖြေဆိုပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ရွာကို စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ၅ နှစ်အရွယ် အမြွှာကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင် ငါးဦး သေဆုံးခဲ့ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိလာပါတယ်။