ကချင် နယ်စပ်ဂိတ်ပေါက်တွေ လုံခြုံရေးတင်းကြပ်
2015.03.31

မြန်မာနိုင်ငံအတွင်းကို အကြမ်းဖက်သမားတွေ ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းရရှိထားတာကြောင့် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လုံခြုံရေးသတိရှိကြ ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတွေက ပြော ပါတယ်။
ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဝင်ပေါက်တွေမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး ဝင်းခိုင်က ပြောပါတယ်။
"ကချင်ပြည်နယ် အတိုင်းအတာနဲ့တော့ သက်ဆိုင်ရာ နယ်စပ်တွေရော၊ ပြည်နယ်တိုင်းချင်းဆက်တဲ့ နယ်စပ်တွေမှာရော ဝင်ထွက်လမ်းတွေမှာ မိတ်ဖွဲ့ အဖွဲ့အစည်းတွေနဲ့ပါ လုံခြုံရေးနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်၊ ကျနော် တို့က လုံခြုံရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ အထက် ဌာနညွှန်ကြားထားတာတွေတော့ ပြည်နယ်တွင်းမှာ ကျနော်တု့ိ ဆောင်ရွက်ရမည့် လုံခြုံရေးအတိုင်းအတာတွေကတော့ စီမံချက်တွေနဲ့ ရေးဆွဲဆောင်ရွက်လျှက် ရှိပါတယ်"
အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်တွေမှာလှုပ်ရှားနေတဲ့ အယ်ကိုင်းဒါးနဲ့ RSO (Rohingya Solidarity Organization) အစွန်းရောက် အစ္စလာမ္မစ် ဖောက်ခွဲရေးသမားတွေဟာ အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်တဲ့ တမူးမြို့နယ်နဲ့ မဏိပူရ - မီဇိုရမ်ပြည်နယ် နယ်စပ်လမ်းကနေ ဝင်ရောက်လာနိုင်ကြောင်း သတင်းရရှိထားတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားစာမှာ ပါရှိပါတယ်။
ဒါ့အပြင် အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက အစ္စလာမ်မစ်နိုင်ငံထူထောင်ရေး IS အဖွဲ့တွေဟာ မလေးရှားနိုင်ငံက လူငယ်တွေကို အင်တာနက်ကနေတဆင့် စည်းရုံးသိမ်းသွင်းမှုတွေ လုပ်ဆောင်နေတဲ့အတွက် မြန်မာနိုင်ငံအတွင်း မှာလည်း လုံခြုံရေးနဲ့ပတ်သက်ပြီး အထူးသတိရှိကြဖို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေထံ သတိပေးထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်းမှာ အထောက်အထားမရှိဘဲ တည်းခိုနေထိုင်နေတဲ့ အစ္စလာမ်ဘာသာဝင်တချို့ကို ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဋ္ဌာနက စိစစ်အရေးယူနေတယ်လို့ သိရပါတယ်။