ချားလ်စ်ဘုရင်ထံ ရှောင်တာနဲလ် မြန်မာ့အရေးတင်ပြ
2023.05.07

ဗြိတိန်နန်းတက် တတိယမြောက် ချားလ်စ်ဘုရင်နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ NLD အစိုးရ စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲလ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဒီကနေ့ ထုတ်ပြန်ပါတယ်။
အင်းစိန်ထောင် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့သူတွေကို ပေးထားခဲ့တဲ့ကတိအတိုင်း ချားစ်ဘုရင်ထံကို မြန်မာ့အရေးသတင်းစကားပါးခဲ့တယ်လို့ မစ္စတာရှောင်တာနဲလ်က ဆိုပါတယ်။
မစ္စတာရှောင်တာနဲလ်ဟာ ဗြိတိန်နိုင်ငံကို ရောက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေ အပါအဝင်၊ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပြီးနောက် ချားစ်ဘုရင်နဲ့ တွေ့ဆုံတာဖြစ်ပါတယ်။
ချားစ်ဘုရင်ဟာ မနေ့က ဗြိတိန်နိုင်ငံမှာ ကျင်းပတဲ့ နန်းတက်ပွဲမတိုင်ခင် နိုင်ငံတကာက လာတဲ့ ဧည့်သည်တော်တွေကို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ချားစ်ဘုရင်ရဲ့ ခမ်းခမ်းနားနား နန်းတက်ပွဲကို အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဗြိတိန်နိုင်ငံက ဖိတ်ကြားခြင်း မရှိပါဘူး။
ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲကို တက်ရောက်ဖို့အတွက် ဗြိတိန်နဲ့ သံတမန်ဆက်ဆံရေး အပြည့်အဝရှိတဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံအကြီးအကဲအားလုံးကို ဖိတ်ကြားခဲ့ပေမယ့် မြန်မာ၊ ရုရှား၊ ဘယ်လာရုစ်၊ အီရန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ဗင်နီဇွဲလား နိုင်ငံတွေကိုတော့ မဖိတ်ခဲ့ပါဘူး။