နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းအပ်သူ ခုနစ်သိန်းခွဲကျော် လျော့ကျ
2023.06.01

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက် ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပြီး ကျောင်းအပ်နှံသူဦးရေကတော့ ပြီးခဲ့တဲ့နှစ်ကထက် ခုနစ်သိန်းကျော် လျော့ကျသွားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ နိုင်ငံတစ်ဝန်းက အခြေခံပညာကျောင်းအပ်နှံ သူ ၇ ဒသမ ၂၃ သန်းကျော်ရှိခဲ့ပေမယ့် အခု ၂၀၂၃-၂၄ ပညာသင်နှစ်မှာတော့ ကျောင်းအပ်နှံသူ ခြောက်သန်းခွဲ နီးပါး (၆,၄၇၃,၃၅၀ ဦး)သာ ရှိနေတာပါ။
အခုနှစ်အရေအတွက်ဟာ နိုင်ငံတစ်ဝန်းက အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ မေ ၂၃ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ အပ်နှံလာကြတဲ့ အရေအတွက် ဖြစ်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ရဲ့ မေလ ၃၁ ရက် မနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ကျောင်းသားမိခင်တစ်ဦးကတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ စစ်တပ်က ဦးဆောင်နေတဲ့ ပညာရေးကို ယုံကြည်မှုမရှိလို့ သူ့သားသမီးနှစ်ဦးကို ကိုယ်ပိုင်ကျောင်းမှာပဲ ထားဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“တတ်နိုင်တာမဟုတ်ပေမယ့် ကိုယ်က ချွေတာပြီး ကလေးတွေကို ကိုယ်ပိုင်ကျောင်းမှာထားလိုက်တယ်။ ပိုက်ဆံတော့ ပိုကုန်တာပေါ့။ ဒါပေမဲ့ စိတ်ချတယ်လေ။ စစ်တပ်ကပေးတဲ့ ပညာရေးကို လုံးဝမသင်ခိုင်းဘူး။ ယုံကြည်မှုမရှိလို့။ တကယ်နားလည်တတ်ကျွမ်းတဲ့ ဆရာမတွေလည်းမရှိတော့ဘူး CDM ဆိုတော့။ ဒါကြောင့် ပါ။ လုံးဝကျောင်းတက်ဖို့ အဆင်မပြေတော့ဘူးဆိုရင်လည်း အွန်လိုင်းကပဲ လေ့လာခိုင်းတယ်။ အခုတချို့ သူတွေ ကျောင်းသွားထားကြတယ်။ ထောင်ထဲထည့်ထားသလိုပဲ။ အရှေ့မှာ စစ်သားတွေ သေနတ် တကားကားနဲ့”
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတော့ နိုင်ငံတစ်ဝန်းမှာ အခြေခံပညာ ကျောင်းသားဦးရေဟာ ၁၂ သန်း ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်က ၂၀၂၂ ခုနှစ်၊ မေလက RFA ကို ပြောဆိုထားပါတယ်။
NUG ရဲ့ ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပညာရေးဝန်ထမ်း နှစ်သိန်းခွဲကျော်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြပါတယ်။