မုံရွာ ကျောင်းပြိုကျ ကျောင်းသား ၃၀ ကျော် ဆေးရုံတင်ကုသ
2012.07.23
အခင်းဖြစ်ပွားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျောင်းသား မိဘတစ်ဦးက ပြောပြရာမှာ -
"ကျွန်တော်တို့ မုံရွာမြို့မှာရှိတဲ့ အထက ၂ ကျောင်းဆောင်ရှေ့ ဝရန်တာ ပြုတ်ကြတာ၊ ကလေးအယောက် ၃၀ လောက် တော်တော်ထိခိုက်သွားတယ်။ အခုဖြစ်နေတာက ကျောင်းသား မိဘတွေကတော်တော် ရုတ်ရုတ်သဲသဲကို ဖြစ်နေတာ။ တော်တော်လေး များတယ်ဗျ။ ဆေးရုံမှာ တရားဝင်ရောက်တာက ၃၁ ယောက် ရောက်တာ။ ကလေးတစ်ယောက်ကတော့ တော်တော်လေး စိုးရိမ်ရတယ်လို့ ပြောနေတယ်"
အဲဒီကျောင်းဟာ မူလက မုံရွာကောလိပ်ဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရ အထက်တန်းကျောင်းအဖြစ် ပြောင်းလိုက်တာ ဖြစ်ပါတယ်။ အဆောက်အဦး သက်တမ်းက နှစ်ပေါင်း ၄၀ ကျော်မကဖြစ်ပြီး ကျောင်းရဲ့ သစ်သားတိုင်တွေ ခြစားနေတယ်လို့လည်း သူက ပြောပါတယ်။
"အခု ကျောင်းတံခါးပေါက်လည်း သော့ခတ်ထားတယ်။ ဆေးရုံကိုလည်း အဲဒီကလေးတွေ သီးသန့်သဘောမျိုးထားတယ်။ အဲဒီမှာ သော့ခတ်ထားလိုက်တယ်။ ဒီနှစ်ကျောင်းအုပ်ကြီးက ပင်စင်ယူမှာဗျ။ အဲဒီအတန်းက သွားကန်တော့မှာ၊ ကန်တော့တဲ့ အချိန်မှာ အထွက်မှာ ဖြစ်တာ။ အပေါ်ထပ် အောက်ထပ်ပေါ့။ အောက်ထပ်က ကလေးတွေကလည်းအထွက် အပါ်ကလည်း အထွက်နဲ့ ပြိုကျတဲ့ အချိန်မှာ အောက်က ကလေးတွေက နာတာ"
အခုလို ဖြစ်ပြီးချိန်မှာ ကျောင်းဝင်းကို သော့ခတ်လိုက်ပြီး ဆေးရုံအတွင်းကိုလည်း အပြင်လူတွေ ဝင်ခွင့်မပြုတဲ့အတွက် ကလေးတွေရဲ့ ထိခိုက်မှု နောက်ဆုံး အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။