ကျားဖြန့်နှိမ်နင်းရေး စင်တာတွေ ထိုင်းနဲ့ တရုတ် ဖွင့်လှစ်
2025.01.24

မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်မှာ အလျင်အမြန်ကြီးထွားလာတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တရုတ်နဲ့ ထိုင်းအစိုးရတို့ ပူးပေါင်းတိုက်ဖျက်ဖို့အတွက် ကျားဖြန့်နှိမ်နင်းရေးစင်တာတွေ ထူထောင်သွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက်မြို့က ရဲတပ်ဖွဲ့ဌာနချုပ်မှာ ထိုင်းအစိုးရက ကျားဖြန့်နှိမ်နင်းရေးစင်တာတစ်ခု ဖွင့်လှစ်မှာဖြစ်ပြီး အွန်လိုင်း(ကျားဖြန့်)ငွေလိမ်လုပ်ငန်းတွေ ပေါများတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြဝတီမြို့ တစ်ဘက်ကမ်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ တရုတ်အစိုးရက သီးခြားဌာနတစ်ခု ထူထောင်မှာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောခဲ့တာဖြစ်ပါတယ်။
ဘန်ကောက်မြို့က ကျားဖြန့်နှိမ်နင်းရေးပူးပေါင်းစင်တာဟာ လာမယ့် ဖေဖော်ဝါရီလမှာ စတင်လည်ပတ်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ထိုင်းနဲ့ တရုတ်လုံခြုံရေးအရာရှိတွေ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီထုတ်ပြန်ချက်အရ မြဝတီနဲ့ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်က အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေကို တရုတ်နဲ့ ပူးပေါင်းစုံစမ်းတိုက်ဖျက်သွားမှာဖြစ်ပြီး အဲဒီလုပ်ငန်းတွေမှာ တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေ အများအပြားပါဝင်နေတယ်လို့ ဆိုပါတယ်။
ကိုဗစ်ကပ်ဘေးကာလကစပြီး ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနယ်စပ်တလျှောက်ဟာ အွန်လိုင်းကနေ ဖုန်းခေါ်ဆိုပြီး ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေအတွက် အချက်အချာကျတဲ့နေရာ ဖြစ်လာတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ အဲဒီလုပ်ငန်းတွေမှာ လူပေါင်းသောင်းနဲ့ချီ လူကုန်ကူးခံထားရပြီး အဓမ္မခိုင်းစေခံနေရတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာတစ်ဝန်းက နိုင်ငံသားတွေ လိမ်လည်ဖြားယောင်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ အွန်လိုင်းငွေလိမ်လည်မှုကွန်ရက်တွေကို အရေးယူဖို့ ထိုင်းအစိုးရကို ပြည်သူတွေက ဖိအားပေးနေသလို၊ ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်သရုပ်ဆောင် ဝမ်ရှင်း လူကုန်ကူးခံရပြီးတဲ့နောက်ပိုင်း တရုတ်အစိုးရကလည်း ဒီအပေါ်မှာ စိုးရိမ်မှုမြင့်တက်နေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့က တရုတ်၊ မြန်မာ နဲ့ ထိုင်းအရာရှိတွေ အစည်းအဝေးမှာ မြန်မာနိုင်ငံ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အပြီးတိုင်ချေမှုန်းဖို့ သဘောတူညီချက်ရရှိခဲ့တယ်လို့ တရုတ်အစိုးရပိုင် မီဒီယာတွေက ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဖော်ပြကြပါတယ်။
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလကနေ အခု ဇန်နဝါရီလအတွင်း ငွေလိမ်လုပ်ငန်းတွေကနေ နိုင်ငံခြားသား ၅၅,ဝဝဝကို ဖမ်းဆီးပြီး သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်ပို့ခဲ့တယ်လို့ စစ်ကောင်စီ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံသား ၅၃,ဝဝဝ ပါဝင်ပါတယ်။ ဒီအွန်လိုင်းလိမ်လည်တဲ့လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လျှပ်စစ်မီး၊ အင်တာနက်နဲ့ အဆောက်အအုံအပြင် လက်နက်ခဲယမ်းတွေကို တစ်ဖက် အိမ်နီးချင်းနိုင်ငံကနေ ရရှိနေတယ်လို့ နိုင်ငံနာမည်ကို မဖော်ပြဘဲ စစ်ကောင်စီက ဇန်နဝါရီ ၂ဝရက်နေ့မှာ စွပ်စွဲထားပါတယ်။ အဲဒီစွပ်စွဲချက်ကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ငြင်းဆိုထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ နယ်စပ်မြို့တွေကို လျှပ်စစ်မီးဖြန့်ဝေပေးထားတာကို ဖြတ်တောက်ဖို့ အသင့်ဖြစ်နေပြီလို့လည်း ထိုင်းနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Provincial Electricity Authority (PEA) က ပြောလိုက်ပါတယ်။
PEA ဟာ မြန်မာပြည်တွင်း နေရာ ငါးခုကို လျှပ်စစ်မီးပေးနေပြီး အဲဒီထဲမှာ တာ့ခ်ခရိုင်ကနေ မြဝတီမြို့နယ်တွင်း နှစ်နေရာနဲ့ ချင်းရိုင်ခရိုင်ကနေ တာချီလိတ်မြို့နယ်တွင်း နှစ်နေရာပါဝင်ပါတယ်။ နောက်တစ်နေရာကတော့ ကန်ချနဘူရီကနေ မွန်ပြည်နယ်နဲ့ ထိုင်းနယ်စပ် တစ်နေရာတို့ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့က ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။