အကြီးစား အွန်လိုင်းငွေလိမ်ဂိုဏ်း ၃၆ ခုကို နှိမ်နင်းဖို့ တရုတ်ကြိုးပမ်း
2025.01.28

အွန်လိုင်းကနေ ဆက်သွယ်လိမ်လည်နေတဲ့ အကြီးစား တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း ၃၆ ခုကို နှိမ်နင်းဖို့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီးက ပြောလိုက်ပါတယ်။
လက်ထောက်ဝန်ကြီး Mr Liu Zhongyi ဟာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ အခြေစိုက်တဲ့ တရုတ်ငွေလိမ်ဂိုဏ်းတွေအရေး ဖြေရှင်းဖို့အတွက် ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဦးဆောင်သူ ဖြစ်ပါတယ်။
သူ့ရဲ့ပြောဆိုချက်အရ အွန်လိုင်းငွေလိမ်ဂိုဏ်း ၃၆ ခုမှာ ဖုန်းခေါ်ဆိုလိမ်လည်ဖို့အတွက် လူပေါင်း တစ်သိန်းကျော်ကို အလုပ်ခန့်အပ်ထားတယ်လို့ ဇန်နဝါရီ ၂၈ ရက်နေ့က ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံသားအများအပြားဟာ အဲဒီဂိုဏ်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ လိမ်လည်ဖြားယောင်းခံရပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ကနေ နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ တရုတ်နိုင်ငံသားတွေ အဲဒီလုပ်ငန်းတွေမှာ အတင်းအကျပ် အလုပ်စေခိုင်းခံနေရတဲ့အပြင် ညှဉ်းပန်းနှိပ်စက်တာတွေရှိတယ်လို့ ဆိုပါတယ်။ အဲဒီလိုရိုက်နှက်ညှဉ်းပန်းမှုတွေကြောင့် အသက်ဆုံးရှုံးသူတွေလည်း ရှိနေပါတယ်။
ဒီလထဲမှာပဲ ထိုင်းနိုင်ငံကို လိမ်လည်ဖိတ်ခေါ်ခံရပြီး မြန်မာပြည်က ငွေလိမ်ဂိုဏ်းတစ်ခုကို လူကုန်ကူးခံခဲ့ရတဲ့ တရုတ်သရုပ်ဆောင် ဝမ်ရှင်းကို ကယ်တင်နိုင်ခဲ့ပေမဲ့ အဲဒီဖြစ်ရပ်ကြောင့် တရုတ်နိုင်ငံသားတွေ ထိုင်းနိုင်ငံကို ခရီးသွားလည်ပတ်ဖို့ ကြောက်ရွံ့နေကြတယ်လို့ တရုတ်လက်ထောက်ဝန်ကြီးက ပြောခဲ့ပါတယ်။
တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံတွင်းမှာ နေထိုင်တဲ့ ငွေလိမ်ဂိုဏ်းခေါင်းဆောင်တွေကို အမြန်ဆုံးဖမ်းဆီးဖို့နဲ့ သရုပ်ဆောင် ဝမ်ရှင်းအမှုမှာ သံသယရှိသူ အယောက် ၂ဝ ကို ဖမ်းဆီးပြီး တရုတ်ထံလွှဲပြောင်းပေးဖို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) ကို တောင်းဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာပြည်က ငွေလိမ်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးလွတ်မြောက်ရေး ဖိအားပေးဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ အဲဒီငွေလိမ်လုပ်ငန်းတွေ လည်ပတ်ရေးမှာ အထောက်အပံ့ဖြစ်စေတဲ့ အရင်းအမြစ်လမ်းကြောင်းအားလုံး ပိတ်ဆို့ဖို့လည်း တရုတ်လက်ထောက်ဝန်ကြီးက ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။ ဒီငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ သူတို့ရဲ့ လူကုန်ကူးမှုလှုပ်ရှားမှုတွေ အပြန်အလှန် မျှဝေဖို့၊ ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးရေးနဲ့ ငွေကြေး လိမ်လည်လွှဲပြောင်းတဲ့ လမ်းကြောင်းတွေ ပိတ်ဆို့ဖို့ စတဲ့အချက်တွေ ဆောင်ရွက်ဖို့ နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနဲ့ တရုတ်အစိုးရတို့ဟာ မြဝတီမြို့မှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေကို အဓိက ပစ်မှတ်ထားနှိမ်နင်းမှာဖြစ်ပြီး ရွှေတြိဂံဒေသက လိမ်လည်မှုတွေကိုလည်း ဆက်လက်ဖြိုခွဲသွားမယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ Khaosod သတင်းမှာ ဖော်ပြပါတယ်။