ဗိုလ်မှူးကြီး တိုက်ဂါးကို ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ကနေ ထုတ်ပယ်
2014.10.16

KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီက ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးကို တပ်စည်းကမ်း ဖောက်ဖျက်မှု၊ အဖွဲ့အစည်းဂုဏ်သိက္ခာ ကျဆင်းစေမှုစတဲ့ အကြောင်းပြ ချက်တွေနဲ့ ထုတ်ပယ်လိုက်တယ်လို့သိရပါတယ်။
ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာချက် မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့လို့ အခုလို ထုတ်ပယ် တာဖြစ်နိုင်ကြောင်း KNU/KNLA-PC ကောင်စီဝင်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းထွက်ခွာသွားခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း တင်မိုသီက RFA ကို ပြောပါတယ်။
"ဗိုလ်ချုပ် ဘော်ကျော်က ဆရာမ ကပေါ်ထူးကို လက်မှတ်ထိုးခိုင်းတယ်၊ ဆရာမ ကပေါ်ထူးက မထိုးဘူး၊ ဆရာမက မထိုးတော့ ဗိုလ်တိုက်ဂါးက ကရင်တွေစည်းလုံးတာကောင်းတယ်၊ ကရင်တွေ အားလုံး တစ်ဖွဲ့တည်းဖြစ်တာကောင်းတယ်ဆိုပြီး သူ့အထူးဗျူဟာအနေနဲ့ လက်မှတ်ထိုးတော့ တိုက်ဂါးကိုမောင်းထုတ်တယ်၊ အမိန့်ကိုမနာခံလို့ ထုတ်လိုက်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့တွေ့ရတယ်"
ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းဖို့ လိုအပ်တယ်လို့ ယူဆတာကြောင့် ဗိုလ်မှူးကြီး တိုက်ဂါးက ကော်သူးလေ တပ်မတော်ဖွဲ့စည်းရာမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဟောင်း တင်မိုသီ ကပြောပါတယ်။
KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီရဲ့ မြဝတီဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဗိုလ်ကြီးအယ်ဒို ကတော့ ဗျူဟာမှူး ဗိုလ်မှူး တိုက်ဂါးကို အဖွဲ့ကနေထုတ်လိုက်တာမဟုတ်ပဲ သူတို့ဌာနချူပ်နဲ့ အဆက်အသွယ်မရတဲ့အတွက် ခေတ္တ အနားပေးထားတာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
"တိုက်ဂါးကို အဖွဲ့ကထုတ်လိုက်တာ မဟုတ်ဘူး၊ အနားပေးလိုက်တာဗျ၊ သူ့တစ်ယောက်ထဲပဲ၊ သူ့ရဲဘော်တွေနဲ့ ဗျူဟာနဲ့ မဆိုင်ဘူး၊ ဗျူဟာမှူးကို ခဏအနားပေးထားတယ်ဆိုတာက သူနဲ့မတွေ့ရသေးလို့၊ ဒီအချိန်မှာက သူနဲ့ဆက်သွယ်ဖို့ကလည်းမရှိသေးဘူး၊ ဗျူဟာမှူးလည်း ဘယ်ရောက်နေလဲ မသိတဲ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်မရသေးလို့ ခဏအနားပေးလိုက်တဲ့သဘောပါ"
ဒါ့အပြင် ဗျူဟာမှူး ဗိုလ်မှူးတိုက်ဂါးဟာ ဒီကေဘီအေအဖွဲ့နဲ့ပူးပေါင်းသွားတယ်ဆိုတဲ့ သတင်းတွေဟာလဲ မဟုတ်ဘူးလို့ မြဝတီဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဗိုလ်ကြီးအယ်ဒိုက ပြောပါတယ်။
ဗိုလ်မှူးကြီးတိုက်ဂါး နဲ့ ဗိုလ်မှူးချုပ်ဟောင်းတင်မိုသီတို့နှစ်ဦးလုံး ကော်သူးလေတပ်မတော်မှာ တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ကော်သူးလေတပ်မတော်ကို ဖွဲ့စည်းကြောင်း အောက်တိုဘာလ ၁၃ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာ ခဲ့ရာမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ KNLA က ဒုတိယစစ်ဦးစီးချုပ်၊ KNDOနဲ့ DKBA တို့က စစ်ဦးစီးချုပ် တွေနဲ့ KNU/KNLA-PC က ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးတို့က ပါဝင်လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
KNU/KNLA-PC ကောင်စီ ထိပ်ပိုင်းအရာရှိဟောင်း ဗိုလ်မှူးချုပ်ဟောင်းတင်မိုသီကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ကရင်လက်နက်ကိုင်အဖွဲ့တွေကြား ရှုပ်ရှုပ်ထွေးထွေးပေါ်ပေါက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ KNU ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဌဟောင်း ပဒိုဒေးဗစ်တာကပေါ ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။