ဆောမြို့နယ်မှာ ဆန်ဈေးမြင့်တက်မှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အခက်အခဲဖြစ်
2023.10.23

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဘေးဒုက္ခသည် ငါးထောင်ခန့်ဟာ ဆန်ဈေးမြင့်တက်နေ တာကြောင့် နေ့စဉ် စားသောက်ရေး အခက်တွေ့နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
အဲဒီဒေသမှာ မကွေးတိုင်း စလင်း၊ ဆိပ်ဖြူ မြို့နယ်တွေနဲ့ ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ် မြို့နယ်တွေက စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် လာရောက်ခိုလှုံနေတာပါ။
ဆောမြို့နယ်ဟာ ဆန်စပါး အဓိက စိုက်ပျိုးတဲ့ဒေသဖြစ်ပေမယ့် အာဏာသိမ်း နောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နောင်နှစ်ပတ်လောက်မှာ ရိတ်သိမ်းရမယ့် စပါးတွေကို ရိတ်သိမ်းနိုင်မယ့်အခြေအနေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း ပခုက္ကူ၊ ချောက်၊ ဆိပ်ဖြူမြို့နယ်တွေဘက်ကို ဆန် အပါအဝင် စားနပ်ရိက္ခာ သယ်ယူခွင့်လမ်းကြောင်းတွေ ပိတ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီလို အခက်အခဲမျိုးစုံကြောင့် လက်ရှိ ဆောမြို့နယ်မှာ ဆန်တစ်တင်း တစ်အိတ်ကို ငါးသောင်းကျပ်အထိ ဈေးတက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းတွေက တစ်မျိုး၊ ပြည်သူတွေက စားဝတ်နေရေးက တစ်မျိုးနဲ့ တော်တော်ကြီးကို အခက်အခဲ ဖြစ်တာပေါ့ဗျာ။ အခု စစ်ရှောင်တဲ့သူတွေအဖို့တော့ တော်တော်ကြီးကို အကျပ်အတည်းကာလလို့ ပြောရမယ်။ လူကြီးတွေက ထမင်းလျှော့စားရတာမျိုးတွေ၊ ကလေးတွေပဲ ဝအောင်ကျွေးရတာမျိုးတွေ၊ မိသားစုများတဲ့ အိမ်ထောင်စုတွေကို နီးစပ်ရာ ကျေးရွာတွေမှာ လုပ်ကိုင်စားသောက် နေထိုင်ဖို့ ကူညီပေးရတာတွေ စုံပါတယ်ဗျာ။ တော်တော်ကို ရင်လေးစရာပါ"
စစ်တပ်အာဏာမသိမ်းခင်က ဆောမြို့နယ်မှာ ဆန်တစ်တင်းတစ်အိတ်ကို တစ်သောင်းခွဲကျပ်ဝန်းကျင်သာရှိခဲ့ပြီး အခု သုံးနှစ်နီးပါးအကြာမှာ သုံးဆကျော် ဈေးတက်သွားတာလို့လည်း သူက ဆိုပါတယ်။
သူတို့အနေနဲ့ ဒီစစ်ဘေးဒုက္ခသည်တွေကို တတ်နိုင်သလောက် ထောက်ပံ့ကူညီရေးတွေ လုပ်ပေမယ့် ဒါတွေက မလုံလောက်ဘူးလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
မကွေးတိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က အောက်တိုဘာ ၂ ရက်နေ့ ထုတ်ပြန်ထားပါတယ်။