မြန်မာနိုင်ငံအပေါ် စီးပွါးရေး ပိတ်ဆို့မှု အမေရိကန်အောက်လွှတ်တော် သက်တမ်းတိုး
2011.07.20

(Photo: AFP)
ဒီမိုကရေစီရေး အပြောင်းအလဲတွေ မပေါ်ပေါက်လာသေးတဲ့ အတွက် ဒီ စီးပွါးရေး ပိတ်ဆို့မှုတွေကို အမေရိကန် ကွန်ဂရက်စ် လွှတ်တော်မှာ တနှစ်တခါ ထပ်ထပ်ပြီး သက်တမ်းတိုးမြှင့်နေတာ ဖြစ်ပါတယ်။
မနေ့က အောက်လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ မူဝါဒ ညွှန်ကြားရေးမှူး ဦၤးအောင်ဒင်က အောက်လွှတ်တော်အမတ်တွေ အကြား ဆန့်ကျင်ကန့်ကွက်မှုတွေ မရှိဘဲ အလွယ်တကူ
ဆုံးဖြတ်ထောက်ခံခဲ့ကြတယ်လို့ပြောပါတယ်။
ဒီဥပဒေဟာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန် ပြည်ထောင်စုကို တင်သွင်းခွင့် ပိတ်ပင်ပြီး မြန်မာ အစိုးရ အရာရှိကြီးတွေကို ဗီဇာ ပြည်ဝင်ခွင့် ကန့်သတ် ဟန့်တားထားတဲ့ ဥပဒေ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဒီမိုကရေက်တစ်ပါတီ အမတ် ဂျိုးဇက် ကရော်လီ က - အခု ကိစ္စဟာ စစ်ရာဇဝတ်မှုတွေ အပေါ် အမေရိကန်ကလျစ်လျူရှု မျက်ကွယ်ပြုမှာ မဟုတ်ဘူး ဆိုတာကို ထင်ထင်ရှားရှား ပြသတာ ဖြစ်သလို၊ အမေရိကန် အစိုးရဟာ မြန်မာ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ မိတ်ဆွေ ဖြစ်ကြောင်း၊ မြန်မာ ပြည်သူတွေကို ဘက်ပေါင်းစုံက ထောက်ခံ အားပေးဖို့ မိမိတို့ အနေနဲ့လုပ်သင့်လုပ်ထိုက်တာ မှန်သမျှ ဆက်လက် ဆောင်ရွက် နေရာမှာ အခုလို စီးပွါးရေး ပိတ်ဆို့ အရေးယူမှု သက်တမ်းထပ်တိုးတာလည်း ပါဝင်ကြောင်း၊ မကြာခင်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စုံစမ်း စစ်ဆေးနိုင်မှာ ဖြစ်သလို၊ ဒီဖြစ်ရပ်တွေလည်း နိဂုံးချုပ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။
နောက်တဆင့်အနေနဲ့ ဆီးနိတ်အထက်လွှတ်တော်မှာ ဒီနေ့ဆက်လက် ဆွေးနွေးမယ်လို့လည်း သိရပါတယ်။ ဘယ်လို အဖြေထွက်လာနိုင်တယ် ဆိုတာနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာ - ဦၤးအောင်ဒင်က အခုလို ပြောပြပါတယ်။
"နက်ဖြန် ဆီးနိတ်အထက်လွှတ်တော်က အချိန်ရှိရင် မဲခွဲမယ်။ အချိန်မရှိရင်တော့ နောက်တရက်ပေါ့။ မဲခွဲ ဆုံးဖြတ်ပြီးလို့
အထက် အောက်လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုပြီးရင်တာ့ သမ္မတ လက်မှတ်ထိုးပြီးရင်တော့ အတည် ဖြစ်သွားပါပြီ။
ဆီးနိတ်ကလည်း အတည်မပြုနိုင် စရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေ မူကြမ်းကို အဆိုတင်သွင်း ကတည်းက
လွှတ်တော် အမတ်တရာထဲမှာ ၅၆ ယောက်က စုပေါင်း တင်သွင်းထားတာပါ။"