ကျားဘီလူးစစ်ကြောင်းဝင်ခဲ့တဲ့ ဆားလင်းကြီးမှာ အမျိုးသားတစ်ဦး အသတ်ခံရ

RFA Burmese
2023.10.06
ကျားဘီလူးစစ်ကြောင်းဝင်ခဲ့တဲ့ ဆားလင်းကြီးမှာ အမျိုးသားတစ်ဦး အသတ်ခံရ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသည်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျေးရွာတွေကို ဝင်ရောက်ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီရဲ့ ကျားဘီလူး စစ်ကြောင်း ပြန်ထွက်သွားပြီးနောက် အောက်တိုဘာ ၅ ရက် မနေ့က မတောင့်တရွာအနီးမှာ နှိပ်စက်ညှဉ်းပန်းပြီးမှ အသတ်ခံထားရတဲ့ ရုပ်အလောင်း တစ်လောင်းကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၄ ရက်နေ့က ဆားလင်းကြီးမြို့နယ် ဘိုက်သရက်၊ မတောင့်တနဲ့ ရွှေသမင်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ ပုလဲမြို့နယ်ဘက်ကို ထွက်ခွာသွားပါတယ်။

စစ်ကြောင်းထွက်သွားပြီးနောက် ကျေးရွာတွေထဲ ပြန်ဝင်ကြည့်တဲ့အခါ နှိပ်စက် ညှဉ်းပန်းပြီးမှ အသတ်ခံထားရတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရုပ်အလောင်း အနီးမှာလည်း “ရှေ့ဆက်လုပ်ပါ မကြာတော့ဘူး၊ မျက်ဝါးထင်ထင် ပြာပုံမြင်ရတော့မယ်.. ကျားဘီလူးစစ်ကြောင်း” ဆိုပြီး စာရေးထားခဲ့တယ်လို့လည်း စစ်ဘေးဒုက္ခသည်အရေးကူညီနေတဲ့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဝင်တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“စစ်ရှောင်ရင်းနဲ့ ကြားထဲမှာပိတ်မိလို့ ဖမ်းဆီးနှိပ်စက်ပြီးတော့ အသတ်ခံရတာပေါ့။ စစ်ကြောင်းထွက်သွားမှ ဒေသခံတွေက ပြန်ဝင်တဲ့အချိန် တွေ့တာ။ နာမည်နဲ့ ဘယ်ရွာသားဆိုတာတော့ မသိသေးဘူး။ အလောင်းက ပျက်နေပြီ။ တွေ့တာကတော့ မနေ့ကမနက် မတောင့်တရွာအနားမှာ။ ကျားဘီလူးစစ်ကြောင်းဆိုပြီး စာပါရေးခဲ့တယ်”

အဲဒီစစ်ကြောင်းမှာ စစ်သား သုံးရာကျော်နဲ့ စစ်ကား ၁၇ စီး ပါဝင်ပြီး ဖြတ်သန်းသွားလာတဲ့ လမ်းတစ်လျှောက်က ကျေးရွာတွေကို ရမ်းသန်းပစ်ခတ်တာ၊ ဝင်ရောက်ရှင်းလင်းပြီး သံသယရှိသူတွေကို ဖမ်းဆီးတာ၊ လူသားဒိုင်းအဖြစ် ပြန်ပေးဆွဲတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာတွေကို ဝင်တိုင်း လူတွေကို သတ်ဖြတ်၊ ဖမ်းဆီးရုံမက နေအိမ်တွေမှာတွေ့ရတဲ့ ဆန်၊ ဆီ၊ ပဲ စတဲ့ စားသောက်ကုန်တွေကိုလည်း ရိက္ခာအဖြစ် ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ် ကျေးရွာတွေက ပြည်သူ တစ်သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ပုလဲမြို့နယ်က ကျေးရွာတွေကို ဝင်ရောက်ချိန်မှာ အင်အားထပ်ဖြည့်လာတာကြောင့် စစ်ကား အစီး ၂၀ လောက်ဖြစ်လာတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု ပုလဲမြို့နယ် ကုက္ကိုလ်ကုန်းရွာမှာ ရောက်နေတယ်။ ပုလဲက အဖွဲ့တွေနဲ့ ထပ်ပေါင်း တော့ စစ်ကား အစီး ၂၀ လောက်ရှိတယ် အင်အားက။ လက်တောင်းကြီးရွာက ဖမ်းလာ တဲ့ ပြည်သူ ဆယ်ဦးလောက်ကတော့ ညပိုင်းက ပြန်လွှတ်လိုက်တယ်လို့ သိရတယ်။ ကျွန်တော်တို့ဆီ သတင်းရတာတော့ ညနေ ၇ နာရီလောက် ပြန်လွတ်တယ်လို့ ပြောတယ်”

ကာကွယ်ရေးတပ်ဖွဲ့တွေက ကျားဘီလူးစစ်ကြောင်း ချီတက်ရာလမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ခဲ့တာကြောင့် ရွာတွေကို အခုလို ဝင်ရောက်ရှင်းလင်းနေ တာလို့လည်း သူက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပြီလို့ ကုလသမဂ္ ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။