စစ်ကိုင်းတိုင်းမှာ ရေကြီးမှုကြောင့် စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံတွေ အရေးပေါ်ပြောင်းရွှေ့ရ

RFA Burmese
2024.07.10
စစ်ကိုင်းတိုင်းမှာ ရေကြီးမှုကြောင့် စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံတွေ အရေးပေါ်ပြောင်းရွှေ့ရ ဆားလင်းကြီးမြို့နယ်အတွင်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ ဓာတ်ပုံ

စစ်ကိုင်းတိုင်း မြင်းမူ၊ ဆားလင်းကြီးနဲ့ ကနီမြို့နယ်တွေမှာ ရေကြီးရေလျှံမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပါအဝင် မြစ်ကမ်းဘေးမှာနေထိုင်တဲ့ ဒေသခံတွေ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။

ချင်းတွင်းမြစ်နဲ့ ဧရာ၀တီမြစ်ရေဟာ ဇူလိုင်လ ၈ ရက်နေ့ကတည်းက တဖြည်းဖြည်းမြင့်တက်လာပြီး ဇူလိုင်လ ၁၀ ရက် ဒီနေ့မနက်မှာတော့ မြစ်ဘေးကရွာတွေထဲ ရေဝင်ရောက်မှု ပိုများလာတာလို့ ဆိုပါတယ်။

မြင်းမူမြို့နယ်မှာတော့ ဧရာ၀တီမြစ်ဘေးက တာဘောင်တွေ ကျိုးကျလို့ ရွာတွေထဲ ရေဝင်လာတာလို့ မြင်းမူမြို့နယ် လက္ကပင်ရွာမှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ရေတိုးတာက တော်တော်မြန်မြန်တယ်။ အဲတော့ ရွာသားတွေလည်း တာဘောင်ပေါ် ပြောင်းကြရတာ။ အဲဒီတာဘောင်ကပါ ရေကြီးလို့ ထပ်ပြိုသွားတော့ မနေ့ညနေကမှ သဲအိတ်တွေနဲ့ ပြန်ဖို့ရတယ်”

မြင်းမူမြို့နယ်မှာ လက္ကပင်ရွာ အပါအဝင် ရွာခြောက်ရွာက ဒေသခံ ငါးထောင်နီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာတော့ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ညောင်ပင်ကြီး၊ ရုံးပင်ရိုးနဲ့ ထန်းတောရွာ အပါအဝင် ရွာဆယ်ရွာခန့်က ဒေသခံတွေ အရေးပေါ်ရွှေ့ပြောင်းကြရတာပါ။

ဆားလင်းကြီးမြို့နယ်မှာ အရင်ကတည်းက စစ်ဘေးဒုက္ခသည်တွေရှိနေတာကြောင့် မြစ်ရေကြီးလို့ ရေဘေးဒုက္ခပါ ထပ်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်ရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ အရေးပေါ်ရွှေ့ပြောင်းမှုတွေ ဒီနေ့မနက်အထိ လုပ်နေတာကြောင့် ပြောင်းရွှေ့ရတဲ့ အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်မှာလည်း ချင်းတွင်းမြစ်ကမ်းဘေးက ရွာခြောက်ရွာခန့်က ဒေသခံတွေ ပြောင်းရွှေ့နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲက ရေဘေးကြုံနေရသူတွေဟာ တာဘောင်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ကုန်းအမြင့်ပိုင်း ယာစိုက်ခင်းတွေထဲ ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကိုင်း၊ မန္တလေးနဲ့ ကချင်ပြည်နယ်က မြို့ပေါင်း ၁၇ မြို့မှာ စိုးရိမ်ရေမှတ်ကျော်နေပြီး နောက်ထပ် ရှစ်မြို့မှာ မြစ်ရေထပ်တိုးလာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၁၀ ရက် ဒီနေ့မှာ အသိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။