စလင်းမြို့နယ်က ကင်မွန်းချုံရွာလုံးကျွတ်နီးပါး မီးရှို့ခံရ

RFA Burmese
2023.03.30
စလင်းမြို့နယ်က ကင်မွန်းချုံရွာလုံးကျွတ်နီးပါး မီးရှို့ခံရ စလင်းမြို့နယ် ကင်မွန်းချုံကျေးရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ်။
PDF Salin

မကွေးတိုင်း၊ စလင်းမြို့နယ် ကင်မွန်းချုံကျေးရွာမှာ မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ စလင်းပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာထဲကနေအိမ်တွေ မီးရှို့ခံခဲ့ရတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၈ ရက်နေ့ မနက် ၇ နာရီခန့်က အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ စလင်းပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် မီးရှို့ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အိမ်ခြေ ၁၃၀ ကျော်ရှိတဲ့အထဲမှာ အိမ်ခြေက ၁၃ အိမ်၊ ၁၄ အိမ်လောက်ပဲ ကျန်တော့ တယ်ဗျ။ ရွာသူရွာသားတွေရဲ့ အခြေအနေက ကျေးရွာကို ပြန်လို့မရတဲ့ အခြေအနေဗျ။ မနေ့ညကကိုပဲ လက်နက်ကြီးတွေနဲ့ ပစ်သေးတယ်ဗျ"

လက်ရှိထွက်ပြေးတိမ်ရှောင်နေရတဲ့ ရွာသား ၆၀၀ ဝန်းကျင်မှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ မွေးလူနာတွေနဲ့ လေဖြတ်နေသူတွေပါဝင်ပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ကျေးရွာနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ ငါးလှိုင်တွင်းကျေးရွာမှာ ရှိနေသေးတာ ကြောင့် ကျေးရွာသားတွေ သူတို့ရွာထဲ ပြန်မဝင်ရဲသေးဘူးလို့ ပြောပါတယ်။

နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေအိမ်တွေမီးရှို့တာကို တပ်မတော် စစ်ကြောင်းတွေက လုပ်တာမဟုတ်ဘူးလို့ ယခင်က တုံ့ပြန်ငြင်းဆိုထားပါတယ်။

စလင်းမြို့နယ်ထဲမှာ အခုလို ရွာလုံးကျွတ်မီးရှို့ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ် ရေး တပ်ဖွဲ့တွေကြား စစ်ရေးအခြေအနေက တင်းမာလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေကို မှတ်တမ်းတင်နေတဲ့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း (Data For Myanmar) ရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်နိုင်ငံလုံးက နေအိမ်စုစုပေါင်း ၆၀,၄၅၉ လုံး ပျက်စီးခဲ့ပြီး အဲဒီထဲမှာ မကွေးတိုင်းက နေအိမ် ၉၀၁၉ လုံး ပါဝင်တယ်လို့ မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။