စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းရွာမှာ နေအိမ် ၅၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၈ ရက် မနေ့က ဝင်ရောက်ခဲ့ပြီးနောက် နေအိမ် ၅၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၇၀ ခန့်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ - ၃၃ က ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တလိုင်းရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာကသူတွေကတော့ သူတို့လာတယ်ဆိုတာနဲ့ ထွက်ပြေးသွားကြတာ။ မနေ့က မနက်ခင်းမှာ ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ထုတယ်။ နေ့ခင်းမှာ ရွာထဲရောက်လာပြီး မီးရှို့တာပဲ။ နောက် ပြန်ထွက်သွားတယ်။ သူတို့ထွက်သွားတော့ ဒေသခံတွေနဲ့ အဖွဲ့အစည်းတွေ မီးဝင်ငြှိမ်းကြတယ်"
တလိုင်းကျွန်းရွာမှာ အိမ်ခြေ ၂၅၀ ခန့်ရှိပြီး နေအိမ်မီးလောင် ဆုံးရှုံးသွားသူအချို့ကတော့ ရွာကို ပြန်မလာကြသေးဘူးလို့ ဆိုပါတယ်။
အဲဒီ စစ်ကောင်စီတပ်စစ်ကြောင်း တလိုင်းကျွန်းရွာကနေ ထွက်ခွာလာပြီးနောက် ဆားတောင်ရွာ အနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ် လို့လည်း ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့စစ်ကြောင်းတွေအနေနဲ့ ဘယ်လို နည်းနဲ့မှ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာတွေ မလုပ်ဘူးလို့ RFA ကို ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။
ဇူလိုင်လ ၂၉ ရက် ဒီနေ့မှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အင်းမရွာဘက်ကို ရောက်ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီဒေသမှာ စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်းကို ဇူလိုင်လ ၂၈ ရက်နေ့က စပြီး အသုံးမပြုဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးချိန်ကနေ အခု ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက် နေ့အထိ ဘာသာရေးအဆောက်အအုံ၊ နေအိမ်တွေ အပါအဝင် အဆောက်အအုံ ၂၈,၄၁၉ လုံး ဆုံးရှုံးခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။