စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ကျောင်းသား ၁၀၀ ကျော် ဆန္ဒပြ

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆန္ဒပြတာကြောင့် ကျောင်းထုတ်ခံထားရသူတွေကို ကျောင်းပြန်တက်ခွင့်ပေးဖို့ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုမထားဖို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပညာရေးတာဝန်ခံ ကိုဖြိုးသူကျော် က ပြောပါတယ်။
"တရားမျှတဖို့ တောင်းဆိုနေတယ်၊ ကျနော်တို့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ပထမဆုံးခြေလှမ်းပေါ့၊ အစိုးရကနေ တစ်စုံတစ်ရာ တုန့်ပြန်လာမှုမရှိဘူး၊ ကျနော်တို့ကို လျစ်လျူရှုထားမယ်ဆိုရင် ဆက်လက်တိုက်ပွဲဝင်မှာ ဖြစ်ပါတယ်"
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့အတွက် မန္တလေးမြို့က ရတနာပုံတက္ကသိုလ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျောင်းသား ကျောင်းသူ ၇၂ ဦး ဆန္ဒပြတောင်းဆိုခဲ့ရာမှာ သက်ဆိုင်ရာတာဝန်ရှိ သူတွေက မိဘတွေထံ ပြန်လည်အပ်နှံခဲ့ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ်အသီးသီး က ကျောင်းသား ကျောင်းသူတွေကို ပညာသင်ကြားခွင့်ရပ်နားလိုက်တာ၊ ခံဝန်လက်မှတ်ထိုးခိုင်း တာတွေကြောင့် ကျောင်းကနေ နှုတ်ထွက်ခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ဒီနေ့အထိ ၄၈ ဦး ရှိနေပြီဖြစ်ပါတယ်။
ဆန္ဒပြကျောင်းသား ကျောင်းသူတွေကို ကျောင်းကနေ ထုတ်ပယ်တာကို ကန့်ကွက်ကြောင်းနဲ့ ကျောင်းထုတ်ခံ ရသူတွေကို ကျောင်းပြန်တက်ခွင့်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက သဘောထားကြေညာချက်တွေ ထုတ်ပြန်ပြီး တောင်းဆိုနေကြပါတယ်။