လက်ယက်ကုန်းရွာစာသင်ကျောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှု မြောက်၊ မမြောက် IIMM စဉ်းစားမည်

စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းရွာက စာသင်ကျောင်းကို တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ပြီး တာဝန်ရှိတဲ့ တပ်မှူးတွေကို ရာဇဝတ်ကြောင်းနဲ့ အရေးယူနိုင်ကြောင်း ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က ပြောလိုက်ပါတယ်။
ကလေးငယ်တွေ အပါအဝင် လူ ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ တိုက်ခိုက်မှုမှာ ရာဇဝတ်ကြောင်းအရ တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်အောင် အချက်အလက်တွေ စုဆောင်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က စက်တင်ဘာလ ၂၇ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
စက်တင်ဘာလ ၁၆ ရက်နေ့က လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းဝင်းထဲက စာသင်ကျောင်းကို စစ်တပ်က ရဟတ်ယာဉ်ပေါ်ကနေ ရော့ကတ်တွေ၊ စက်သေနတ်နဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့ပြီးနောက်ပိုင်းမှာ ခြေလျင်တပ်တွေရဲ့ ပစ်ခတ်မှုတွေ အပါအဝင် နာရီနဲ့ချီ တိုက်ခိုက်ခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ကြတယ်လို့လည်း ပြောပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို နိုင်ငံတကာဥပဒေတွေအရ တားမြစ်ထားပြီး၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုအဖြစ် အရေးယူနိုင်တယ်လို့လည်း ပြောပါတယ်။
မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ခိုက်မှုမှာ အရပ်သားတွေကို ပစ်မှတ်မထားခဲ့ကြောင်းနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေကို တိုက်ခိုက်တာသာဖြစ်ကြောင်း ပြောဆိုထားပေမယ့် အရပ်သားတွေ ထိခိုက်သေကြေနိုင်တဲ့ တိုက်ခိုက်မှုမျိုးတွေကို စစ်ဥပဒေအရ တားမြစ်ထားတယ်လို့လည်း IIMM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာဥပဒေတွေအရ တိုက်ခိုက်ဖို့ ဆုံးဖြတ်တဲ့ တပ်မှူးတွေအနေနဲ့ လိုက်နာရမယ့် အဓိက အချက် သုံးချက်ရှိပြီး၊ ပထမအချက်အနေနဲ့ စစ်ရေးပစ်မှတ်တွေ ရှိ ၊ မရှိ သေချာအောင်စစ်ဆေးဖို့၊ ဒုတိယအချက်အနေနဲ့ အရပ်သားတွေ ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် လက်တွေ့ ထိရောက်တဲ့နည်းလမ်းကို သုံးဖို့နဲ့ တတိယအချက်အဖြစ် အရပ်သားသေကြေထိခိုက်မှုနဲ့ အဆောက်အဦး ထိခိုက်ပျက်စီးမှု ကြီးမားနိုင်ရင် တိုက်ခိုက်မှုကို မလုပ်ဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။
ဒီအချက်တွေကို တမင်သက်သက်ပဲဖြစ်ဖြစ်၊ ဂရုမစိုက်ဘဲဖြစ်ဖြစ် လိုက်နာဖို့ ပျက်ကွက်တဲ့ တပ်မှူးတွေအပြင်၊ အရပ်သားတွေ ထိခိုက်သေကြေမှုများနိုင်တဲ့ အခြေအနေကို သိလျက်နဲ့ အမိန့်အတိုင်းလိုက်နာတဲ့ စစ်သားပဲဖြစ်ဖြစ်၊ စစ်လေယာဉ်မှူးတွေပဲဖြစ်ဖြစ် ရာဇဝတ်ကြောင်းအရ အရေးယူခံရနိုင်ကြောင်းလည်း ပြောဆိုထားတာပါ။
IIMM အဖွဲ့ကို ၂ဝ၁၁ ခုနှစ်က မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ နိုင်ငံတကာဥပဒေချိုးဖောက်မှု အထောက်အထားတွေကို စုဆောင်းနိုင်ဖို့ ၂ဝ၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီကနေ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂက တာဝန်ပေးထားတဲ့ IIMM အဖွဲ့ရဲ့ လုပ်ငန်းတွေအတွက် အမေရိကန်က ဒေါ်လာ တစ်သန်း ထောက်ပံ့မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂ဝ ရက်နေ့မှာပဲ ကြေညာထားပါတယ်။