စစ်ကိုင်းတိုင်း သုံးမြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံနှစ်သောင်းကျော် ထွက်ပြေးရ

RFA Burmese
2024.03.26
စစ်ကိုင်းတိုင်း သုံးမြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံနှစ်သောင်းကျော် ထွက်ပြေးရ စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးမြို့နယ်မှ ဒေသခံများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်းက မြို့နယ်သုံးခုမှာ စစ်ကြောင်းထိုးနေလို့ အရပ်သားနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦး၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ စစ်ကောင်စီ ပူးပေါင်းတပ်တွေက တစ်ရွာဝင်တစ်ရွာထွက် စီးနင်းနေတာလို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်သားတစ်ရာကျော်ဟာ မတ်လ ၂၅ ရက်မှာ စစ်ကြောင်းထိုးတာကြောင့် သရက်ပင်စု၊ တဲစု၊ ယာတော်၊ မကြီးအုပ် အပါအဝင် ရွာ ၁၂ ရွာက ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတာပါ။

စစ်ကြောင်းက မတ်လ ၂၆ ရက်မှာ တဲစုရွာအနီး တပ်စွဲထားလို့ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတစ်ဦးက RFA ကိုပြော ပါတယ်။

“မနေ့က စဝင်တဲ့အချိန် တဲစုရွာကိုမီးရှို့တယ်။ ဒီမနက်လည်း တဲစုရွာမှာပဲရှိနေသေးတော့ ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးဘူး။ ဒေသခံတွေလည်း နေရပ်မပြန်နိုင်သေးဘူး”

ဒီအပြင် ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်မှာလည်း စစ်ကြောင်းထိုးနေလို့ အရပ်သား တစ်သောင်းခွဲနီးပါး ထွက်ပြေးနေရပါတယ်။

အမှတ် (၂၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (မုံရွာ) ရဲတပ်ရင်းက ထွက်လာတဲ့အင်အား ၁၅၀ နီးပါရှိတဲ့စစ်ကြောင်းဟာ မတ်လ ၂၃ ရက်ကနေ မတ်လ ၂၆ ရက်အထိ ဆားလင်းကြီးနဲ့ ယင်းမာပင်နယ်စပ်တစ်လျှောက်ကို စစ်ကြောင်းထိုးနေတာပါ။

ဒါကြောင့် ဆားလင်းကြီးမြို့နယ်က ကံကုန်း၊ ဒုံးတော၊ ဝုဏ်တောနဲ့ ယင်းမာပင်မြို့နယ်က ဘိန်းနွယ်ချောင်၊ ထန်းတောကြီး၊ ပေးကုန်းနဲ့ အုံတုံပင်ရွာတွေက အရပ်သားတွေ တိမ်းရှောင်နေရတာပါ။

ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် မတ်လ ၁၈ ရက်အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ် ဒသမ ရှစ်သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က မတ်လ ၂၀ ရက် မှာ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။