စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးရွာနဲ့ နတ်ခရိုင်ရွာကြားမှာ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော် ရဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့ တပ်ဖွဲ့ (PARD) က ထုတ်ပြန်ပါတယ်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကနေ ကား ၁၀ စီးနဲ့ ပြန်လာတဲ့ အဲဒီ ဝန်ကြီးချုပ် ရဲ့ ယာဉ်တန်းကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနေ့ ညနေ ၅ နာရီခွဲလောက်မှာ ပဒေသာမိုင်း ၁၀ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ PARD တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ဆွဲတာက ပဒေသာမိုင်း ၁၀ လုံး အကုန်လုံး ပေါက်၊ မပေါက်တော့ မသိရဘူး။ ကားတစ်စီး ကတော့ ဖင်ပိုင်းကြီး ပြုတ်ထွက်သွားတယ်လို့ ပြောတယ်။ ကျန်နေတဲ့ မိုင်းတွေရော၊ ပေါက်ကွဲသွားတဲ့ အစအနတွေကို ဘုန်းကြီးကား နှစ်စီးနဲ့ လာပြီးတော့ သူတို့ လာရှင်းသွားတယ်"
အဲဒီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ လူထိခိုက် သေဆုံးမှု ရှိ၊ မရှိကို RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း အဲဒီဝန်ကြီးချုပ် လိုက်ပါစီးနင်းလာတဲ့ယာဉ်တန်းကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။