မြန်မာပြည် အနောက်မြောက်ဒေသမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းကျော်ရှိလာ

2022.04.07
မြန်မာပြည် အနောက်မြောက်ဒေသမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းကျော်ရှိလာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ မြောက်နုံးကျေးရွာက စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှာ တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ သုံးသိန်းကျော်အထိ ရှိလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA ) က ဧပြီလ ၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနစ် မတ်လ ၂၈ ရက်နေ့ထိ အတည်ပြုထားတဲ့ စာရင်းတွေအရ ပြည်တွင်းနေရပ် စွန့်ခွာသူ ၉၀၄,၆၀၀ ဦး ရှိခဲ့ပြီး အဲဒီထဲကမှ ၅၅၈,၀၀၀ ဟာ အာဏာသိမ်းပြီးနောက်ပိုင်း တိုးလာတဲ့ နေရပ်စွန့်ခွာရသူတွေ ဖြစ်တယ်လို့ UNOCHA ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီအထဲက ဒုက္ခသည် ထက်ဝက်ကျော်ဟာ စစ်ကိုင်း၊ ချင်းနဲ့ မကွေးတိုင်းဒေသတွေမှာ ရှိနေတာပါ။

စစ်ကိုင်းတိုင်း ကောလင်း၊ ကလေးနဲ့ ဝန်းသို မြို့နယ်တွေမှာ လူပေါင်း ၃၁,၀၀၀ လောက်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ လူ ၁၅၀၀ လောက် အိုးအိမ်တွေကို စွန့်ခွာ ခဲ့ရတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် အဲဒီဒေသတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးဝါးနေဆဲပဲလို့ UNOCHA က ပြောပါတယ်။

နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်တွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားတာနဲ့အမျှ အိုးအိမ်စွန့်ခွာသူဦးရေဟာ ဆက်လက်မြင့်တက်လာဖွယ်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်းပြီးကတည်းက လက်ရှိအချိန်ထိ မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှာ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေအပါအဝင် လူနေအိမ်တွေနဲ့ အရပ်သားပိုင် အခြား အိုးအိမ်ပစ္စည်း အနည်းဆုံး ၇၂၄၆ လုံး မီးရှို့ဖျက်ဆီးခံရတဲ့ သတင်းတွေကိုလည်း ကြားသိရတယ်လို့ UNOCHA က ပြောပါတယ်။

တိုက်ပွဲဒေသတွေက စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက် ပေးနိုင်ခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ခံထားရတဲ့အတွက် ဒုက္ခသည် တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ခက်ခဲနေတယ်လို့လည်း UNOCHA က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။