ကလေးမြို့နယ်၊ နတ်ချောင်းရွာက အိမ်မီးရှို့ခံရွာသားတွေ အကူအညီလိုအပ်နေ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.03.23
ကလေးမြို့နယ်၊ နတ်ချောင်းရွာက အိမ်မီးရှို့ခံရွာသားတွေ အကူအညီလိုအပ်နေ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က ကလေးမြို့နယ်၊ နတ်ချောင်းရွာက မီးရှို့ခံရတဲ့ နေအိမ်တွေကို မြင်တွေ့ရစဉ်။
photo-CJ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကလေး-ဂန့်ဂေါကားလမ်းပေါ်မှာရှိတဲ့ နတ်ချောင်းရွာကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ပြီး အိမ်ခြေ ၇၈ လုံးကို မီးရှို့သွားခဲ့ပါတယ်။

အဲဒီတပ်တွေဟာ ကားလမ်းပေါ်မှာ စစ်ကားတန်းကိုရပ်ပြီး လမ်းရဲ့ဘယ်ညာ တစ်ဖက်တစ်ချက်စီမှာရှိတဲ့ အိမ်နဲ့ ကုန်စုံဆိုင်အားလုံးနီးပါးက ရွှေငွေ၊ အဝတ်အစား၊ တယ်လီဖုန်း၊ ရုပ်မြင်သံကြားစက်၊ ဆိုင်ကယ် စတဲ့ အဖိုးတန်ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ရွာသားတစ်ဦးဖြစ်တဲ့ ကိုအောင်ဆန်းက စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာတဲ့ ကားတန်းကြီး ကလေးမြို့ က ထွက်ခွာလာပြီလို့ ကြားရ ကတည်းက သူတို့ရွာသားအားလုံး အနီးဝန်းကျင်က တောတွေ၊တောင်တွေထဲကို ထွက်ပြေးခဲ့ကြတယ်လို့ RFA ကိုပြောပါတယ်။

“၁၅ ရက်နေ့မှာ စစ်တပ်စဝင်တယ်။ ရွာမှာ ညအိပ်တယ်။ ၁၆ ရက်မှာသူတို့ရွှာကို မီးဆက်ရှို့တယ်။ ပြီးမှ ထွက်သွားတယ်။ သူတို့ထွက်သွားပြီးတော့မှ ကျနော်တို့က ရွာထဲ ပြန်ဝင်ရဲတာဆိုတော့ နှစ်ရက်ပေါင်း ရှို့သွားတာ ၇၈ အိမ်ပါသွားတယ်။ PDF နဲ့ပတ်သက်တာမျိုးတွေ ဘာမှမရှိတဲ့ သာမန်ရိုးရိုး၊ အရပ်သား အိမ်တွေပဲအများစု ပါကုန်တာပေါ့။ အခုဆိုရင် အိမ်မှာရှိသမျှ ပစ္စည်းအကုန် တံမြက်စည်းအစုတ်ကအစ သိမ်းကုန်ကြတယ်။ ဘေးလွတ်ရာကို ရွှေ့ကုန်ကြတယ်။ တချို့ဆိုရင် အိမ်ရဲ့တံခါးပေါက်တွေ ကျည်းဘောင်ခွေတွေကအစ ဖြုတ်ပြီး ဘေးလွတ်ရာကို ရွှေ့ကုန်ကြရတယ်၊ အခုဆို တစ်ရွာလုံး ဘယ်သူမှ မနေရဲကြတော့ဘူး။ ရွာကလည်း ရွာပျက်ကြီးလိုဖြစ်သွားတယ်။ ဈေးဆိုင်တွေအကုန်လုံးလည်း တစ်ဆိုင်မှ မရှိကြတော့ဘူး။”

အဲဒီနတ်ချောင်းရွာဟာ ကလေးမြို့နဲ့ ၁၅ မိုင်ခန့်ဝေးပြီး အိမ်ခြေ ၂ဝဝဝ ကျော်နဲ့ လူဦးရေ ၈ဝဝဝ ကျော်ရှိပါတယ်။ ပထမအကြိမ် ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း စစ်ကောင်စီတပ်တွေက အိမ် ၄၂ လုံးကို မီးရှိ့ခဲ့ပြီး ဖြစ်ပါတယ်။ NLD အမာခံရွာကြီးဖြစ်ပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တချို့မဲရုံတွေဆိုရင် NLD ကထောက်ခံမဲ ၃ဝဝဝ ကျော်ရပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲ ၁ဝဝ ကျော်ပဲရတယ်လို့ဆိုပါတယ်။

ရွာသား ကိုသားပုက သူရဲ့အိမ်မီးလောင်ပြင်နေရာကနေ RFA ကို အခုလိုပြောပါတယ်။

“ ဒီမှာ ဘုရားပန်းအိုးလေးတွေ စားပွဲတွေကျန်တာ မှန်ဗီရိုဆိုရင် ၅ လုံးကျန်ခဲ့တာ၊ နှစ်ပေါင်း ၃ဝ နီးပါး ဒီအိမ်လေး ဆောက်ဖို့ အတော်လေးကို စုဆောင်းခဲ့ရတာ။ အမျိုးသမီးက အခု ဆီးချိုဖြစ်လို့ မျက်စိပါ မှုန်လို့ မျက်စိခွဲဖို့ ဆေးခန်းပြထားတယ်။ အဲဒါဒီမှာ စစ်ဖြစ်တဲ့အခါကျတော့ မခွဲရသေးဘူးပေါ့။ ကျွန်တော်လည်း မိသားစုကို ရုန်းကန်ရင်းနဲ့ ကျွေးမွေးစောင့်ရှောက် နေရတယ်။ အဲဒီအချိန်မှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ နောက်ထပ်လည်း ဘယ်သူ့အိမ်တွေ မီးရှို့ပါတယ် ဘယ်သူတွေ အသတ်ခံရတယ် မကြားချင်တော့ဘူးဗျ။ ဒီနေရာမှာဆိုရင် ကျွန်တော်တို့ မိသားစု ငယ်ငယ်ထဲကစလို့ ညီအစ်ကို ၃ ယောက် အိပ်ခဲ့တဲ့ ကျွန်းပုခက်ကြီး ရှိတယ်ဗျ။ အကြီးကြီး”

တခြားရွာသားတစ်ဦးဖြစ်တဲ့ ကိုငယ်လေးကလည်း သူတို့မိသားစုတွေအနေနဲ့ အိမ်ကောင်းကောင်း ပြန်ဆောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဒါက ယောက္ခမအိမ် လုံးဝမဆောက်နိုင်တော့ဘူး၊ အသက် ၇ဝ ကျော်နေပြီလေ။ အခု ဟိုဟာက ယောက်ဖ၊ အခု မီးလောင်သွားလို့ လုံးဝမဆောက်နိုင်တော့ဘူး လုံးဝအဆင်မပြေတော့ဘူး။ ဟိုဘက် အိမ်တွေဆိုရင်လည်း လုံးဝ မဆောက်နိုင်တော့ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုတောင် မကျန်ခဲ့တော့ဘူး။ အောက်ခြေလူတန်းစားတွေ အတွက်ကတော့ ခြေမဲ့လက်မဲ့ လုံးဝ ဖြစ်သွားပြီ။ ဒီအိမ်လောက် မပြောပါဘူး ခပ်သေးသေး ဆောက်ခိုင်းကြည့်ဦး အိမ်တစ်လုံးဖြစ်ဖို့အရေး သိန်း သုံး၊လေးဆယ် မကုန်ဘဲနဲ့ အိမ်ကောင်းကောင်း မရနိုင်ဘူး။ ပျဉ်ခင်း၊ သွပ်မိုးကာ အဆင့်ကို အဲလောက်မရဘူး။ ခေတ်ကာလ ကောင်းသွားရင်တောင်မှ ဝါးတန်း၊ မိုးကာတဲပေါ့ နောက်ဆုံးတော့ မိုးကာတဲနဲ့နေရမယ့်အဆင့် ရောက်သွားတာ”

အဲဒီနတ်ချောင်းရွာဝန်းကျင်မှာ PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တာ ၅ ကြိမ်ခန့်ရှိပြီး စစ်ကောင်စီဘက်က အမြောက်တွေ လေကြောင်းအကူအညီတွေနဲ့ တိုက်ခဲ့တဲ့ရွာတစ်ရွာပါ။ ရွာသား ၂ဝ ကျော်လည်း သတ်ဖြတ်ခံခဲ့ရပြီးပြီလို့ ဆိုပါတယ်။

အခုလို သတ်ဖြတ်မီးရှို့ခံရလို့ သူတို့ကြောက်ရွံ့သွားကြပြီလားလို့ ကိုအောင်ဆန်းကို RFA ကမေးပါတယ်။

“ကိုယ့်အိုးအိမ်စည်းစိမ်တွေကို ဒီလိုဖျက်ဆီးခံရတာတော့ နှမြောတာပေါ့ဗျာ။ ဒါပေမဲ့လည်း နှမြောတာက သတ်သတ် ကြောက်သွားတာတော့ မဟုတ်ဘူး၊ ကျွန်တော်တို့က ဒီအဖွဲ့အစည်းကို ပိုပိုပြီး မုန်းလာတာ၊ ပိုပိုပြီး ရွံလာတာပေါ့။ သူတို့ဒီလို အိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလည်း သူတို့ရဲ့အောင်ပွဲ သူတို့ရဲ့နိုင်ပွဲ မဟုတ်ဘူး ဆိုတာတော့ တစ်နေ့နေ့ သူတို့သိလာမှာပါဗျာ။”

အခုလို ဒေသခံတွေရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်လို့ မရသေးပါဘူး။ ရွာတွေ မီးရှို့တာတွေကို သူတို့စစ်တပ်က ပြုလုပ်ခြင်း မရှိဘူးလို့ အရင်သီတင်းပတ်တွေမှာ သူက ပြောဆိုထားပါတယ်။
လက်ရှိမှာ နတ်ချောင်းရွာက မီးဘေးဒုက္ခသည် ၅ဝဝ ကျော်ဟာ အနီးအနားက ရွာတွေ၊ ဘုန်းကြီး ကျောင်းတွေနဲ့ ရွာဝန်းကျင်က ယာတောတွေမှာ ခိုလှုံနေကြပြီး ဒေသခံပရဟိတအဖွဲ့တချို့က ကူညီ နေကြပေမယ့် လုံလောက်ခြင်းတော့ မရှိပါဘူး၊ လာမယ့် မိုးရာသီမှာ သူတို့ပိုပြီး ဒုက္ခရောက်မှာပဲလို့ ရွာသားတွေက RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။