ခေါင်ခမ်းကျွန်းမှာ ရွှေမျောမလုပ်ဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျွန်းမှာ ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရွှေမျောလုပ်ကွက်တွေ မလုပ်ကြဖို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
အခုလအတွင်း စစ်ကောင်စီက ရွှေမျောလုပ်ကွက်တွေ အသစ်ချထားဖို့ ပြင်ဆင်နေတဲ့ အတွက် ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၁၉ ရက်နေ့ မနေ့က ကြေညာချက်ထုတ်ပြန် ပြောရတာလို့ အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
လက်ရှိမှာ ဥရုချောင်းဘက်မှာ ရွှေမျောလုပ်ကွက်တွေလုပ်ဆောင်နေတာရှိပြီး စစ်ကောင်စီနဲ့ ရှမ်းနီလက်နက်ကိုင်အဖွဲ့တွေက ရွှေမျောလုပ်နေသူတွေဆီက အခွန်ငွေကောက်ခံတာတွေ ရှိနေတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
ဥရုချောင်းအပြင် ခေါင်ခမ်းကျွန်းဘက်ကိုပါ ရွှေမျောလုပ်ကွက်တွေ တိုးချဲ့လုပ်ကိုင်ဖို့ ပြင်ဆင်လာတာဖြစ်ပြီး ဒီလိုလုပ်ကိုင်မယ်ဆိုရင် ချင်းတွင်းမြစ်တစ်လျှောက် မြေထိန်းနံရံတွေပျက်စီးလို့ အနီးနားပတ်ဝန်းကျင် ကျေးရွာတွေက လူဦးရေ သိန်းဂဏန်းခန့် နေအိမ်ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ရနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။
ရွှေမျောလုပ်ငန်းဟာ ချောင်းရေထဲကို ပိုက်ချပြီး သဲတွေစုပ်ထုတ်ပြီးနောက် ရွှေကျင်တာ ဖြစ်လို့ မြစ်ကြောင်းပြောင်းလဲမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။
ခေါင်ခမ်းကျွန်းမှာ ရွှေမျောလုပ်မယ်ဆိုရင် မြစ်ကမ်းနံဘေးက ကျေးရွာတွေ ပျက်စီးနိုင်သလို ရေကြီးတာ၊ ကမ်းပါးပြိုတာတွေဖြစ်နိုင်လို့ တားမြစ်ရတာဖြစ်ပြီး လုပ်ဆောင်ခဲ့မယ်ဆိုရင် ဆက်စပ်လုပ်ကိုင်သူတွေကိုပါ အရေးယူသွားမယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။