ရွှေဝါရောင်တော်လှန်ရေး (၅) နှစ်ပြည့်အခမ်းအနား မန္တလေးတွင်ကျင်းပ
2012.09.26

အခမ်းအနားကျင်းပတာနဲ့ ပတ်သက်ပြီး အခမ်းအနား ကျင်းပရေး ကော်မတီ ဦးဆောင်ဆရာတော် မြဝတီမင်းကြီး ကျောင်းတိုက် ပဓာနနာယက ဦးအရိယာဝံသာ ဘိဝံသက သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုမိန့်ကြားခဲ့ပါတယ်။
"အားလုံးပါဝင်ခဲ့ကြတဲ့၊ စွန့်စားခဲ့ကြတဲ့ သက်ရှိထင်ရှား ရှိတာရော၊ မရှိတာရော ဒီပုဂ္ဂိုလ်တွေကို ဂုဏ်ပြုချင်လို့ တန်ဖိုးထားလွန်းလို့ ဒီပွဲကို ဘုန်းကြီးတို့ ကြိုးစားပြီး ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ နောက်ဒီပွဲရဲ့ အဓိက ဦးတည်ချက်ကလည်းပဲ နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရဲ့ ညီညွတ်ရေး ဇာတ်လမ်းသစ်အတွက် ကမ္ဘာက အလေးထားရတဲ့ ဇာတ်လမ်းသစ် တစ်ခုအတွက် ဒီပွဲကို ကျင်းပရတာ ဖြစ်တယ်"
ဟောပြောပွဲ အခမ်းအနားကို နေ့လည်တစ်နာရီမှာ စတင်ခဲ့ပြီး အခမ်းနားမှူးအဖြစ် ၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလက မန္တလေး ဂဠုန်နီ သပိတ်စစ်ကြောင်း ဦးဆောင်ဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးကာဝိယက ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားဖွင့်လှစ်ပြီးနောက်မှာ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ခဲ့ပြီး အခုကျန်းမာရေးအရ လူဝတ်လဲထားတဲ့ ဦးဂမ္ဘီရနဲ့ တက်ရောက်လာတဲ့ ပရိတ်သတ်တွေကို မိတ်ဆက်ပေးပြီး မြဝတီဆရာတော်က အဖွင့်မိတ်ဆက်စကား မိန့်ကြားပါတယ်။
အဲဒီနောက်မှာ ဒေသအသီးသီးက သံဃကိုယ်စားလှယ်တွေ၊ နိုင်ငံရေး အဖွဲအစည်းတွေက သဝဏ်လွှာတွေ ဖတ်ကြားပြီး သဘောထားကြေညာချက် (၈) ချက်ကို ထုတ်ပြန်ပြီး ညနေ ၃ နာရီ ၁၅ မိနစ်မှာ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
မနက် ၁၀ နာရီခွဲ ပထမပိုင်းအစီအစဉ်မှာတော့ ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားကြသူတွေအတွက် မန္တလေးတိုင်း သံဃနာယက ဥက္ကဋ္ဌဆရာတော်၊ တောင်ထီးလင်း ဆရာတော် စတဲ့ မန္တလေးမြိုပေါ်က အထင်ကရ ဆရာတော်တွေကို ဆွမ်းကျွေးအလှူပြုလုပ်ပြီး ရေစက်ချ အမျှအတန်း ပေးဝေခဲ့ကြတယ်လို့ သိရပါတယ်။
အထိမ်းအမှတ် အခမ်းအနားပွဲကြီးကို နိုင်ငံအနှံ့က သံဃာ့ကိုယ်စားလှယ်တွေ၊ ဆရာတော် ဦးဝီရသူအပါအဝင် မန္တလေး၊ စစ်ကိုင်းစတဲ့ သံဃာတော်တွေ၊ ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကို ဦးဆောင်တဲ့ မန္တလေးဗကသအဖွဲ့၊ မန္တလေးနိုင်ငံရေး အသိုင်းအဝိုင်းက သူတွေ စုစုပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ပြီး အနှောက်အယှက် တစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။