ရွှေဝါရောင် နှစ်ပတ်လည် ကျင်းပမည်
2016.09.01

လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့အတွက် ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ အခမ်းအနားပြင်ဆင်ရေးနဲ့ ဧည့်ခံကြိုဆိုရေးကော်မတီ ၄ ခုကို ဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က ရွှေတောင်ကျောင်းတိုက်မှာ ဒီနေ့ကျင်းပတဲ့ ရွှေဝါရောင်တော်လှန်ရေး အခမ်းအနား ကျင်းပရေးအစည်းအဝေးမှာ ကော်မတီ ၄ ခုကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ရွှေဝါရောင် သံဃာတော်များကွန်ရက် ဦးဆောင်ဆရာတော် ဦးပဏ္ဍဝံသက ပြောပါတယ်။
ဒီနေ့ဖွဲ့စည်းလိုက်တဲ့ ကော်မတီတွေထဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်၊ ဒီမိုကရေစီ အင်အားစုအဖွဲ့က ဦးဘမြင့်၊ တ.က.သ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုစည်သူမောင်နဲ့ ၇၄၊ ၇၅ နိုင်ငံရေး အင်အားစုက အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
ဒီနှစ်ကျင်းပမယ့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနားကနေ တိုင်းရင်းသားဒေသတွေမှာ ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေရပ်စဲပြီး ကလေးငယ်တွေ အေးအေးချမ်းချမ်း ပညာသင်ကြားနိုင်ဖို့နဲ့ ဘာသာရေး ပဋိပက္ခတွေမဖြစ်အောင် အစိုးရက ဆောင်ရွက်ဖို့စတာတွေကို တောင်းဆိုဖို့လည်း ဒီနေ့အစည်းအဝေးမှာ သဘောတူညီခဲ့ကြပါတယ်။
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပမယ့် နေရာကို မရွေးချယ်ရသေးကြောင်းနဲ့ အဲ့ဒီနေ့ အခမ်းအနားအပြီးမှာ ရွှေတိဂုံဘုရားမှာ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပဖို့စီစဉ်ထားပြီး နိုင်ငံရေး အင်အားစု အသီးသီးက ကိုယ်စားလှယ်တွေကို ဖိတ်ကြားသွားမယ်လို့ ရွှေဝါရောင်ဦးဆောင် ဆရာတော်တွေက ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ သံဃာတော်တွေဟာ ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ်က စစ်အစိုးရကို ဆန့်ကျင်ပြီး ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်မှု စတင်ခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကို ရွှေဝါရောင်တော်လှန်ရေးနေ့ အဖြစ်သတ်မှတ်ပြီး နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို ကျင်းပနေတာဖြစ်ပါတယ်။