ရွှေဝါရောင်တော်လှန်ရေးကာလ တောင်းဆိုချက်တွေကို ၁ဝနှစ်ပြည့်မှာ ပြန်လည်တောင်းဆိုမည်
2017.08.15
လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ရွှေဝါရောင်တော်လှန်ရေး ၁ဝ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ တော်လှန်ရေးကာလက တောင်းဆိုခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ တောင်းဆိုသွားမယ်လို့ ရွှေဝါရောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးစန္ဒာသီရိက မိန့်ကြားပါတယ်။
ရွှေဝါရောင် ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ရွှေသိမ်ကုန် ဓမ္မသိင်္ဂီ ကျောင်းတိုက်မှာ ဒီနေ့ကျင်းပတဲ့ အစည်းအဝေးအပြီးမှာ ဦးစန္ဒာသီရိ က မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။
၁၀ နှစ်ပြည့် အခမ်းအနားမှာ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာ့ကွန်ရက်ကိုဖွဲ့စည်းသွားမှာဖြစ်ပြီး တိုင်းပြည်မှာ ကန့်ကွက်ရှုတ်ချဖို့ လိုအပ်တဲ့အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရှိရင် သဘောထားကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်ရှုတ်ချသွားမှာ ဖြစ်တယ်လို့ မိန့်ပါတယ်။
ရွှေဝါရောင် တော်လှန်ရေးဟာ ၁၀ နှစ်ပြည့်မြောက်ခဲ့ပေမယ့် အဲဒီကာလက တောင်းဆိုခဲ့ကြတဲ့အချက်တွေကတော့ ဒီနေ့အချိန်အထိ မပြည့်မြောက်သေးဘူးလို့လည်း မိန့်ပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်အချို့ဟာ တိုင်းပြည်မှာ ကုန်ဈေးနှုန်း ကျဆင်းရေး၊ စက်သုံးဆီ ဈေးနှုန်းကျဆင်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စတဲ့အချက်တွေကို တောင်းဆိုတဲ့အနေနဲ့ မေတ္တာသုတ် လှည့်လည်ရွတ်ဖတ်ခဲ့ကြတဲ့ သံဃာတော်တွေကို စစ်အစိုးရက အင်အားသုံးဖြိုခွဲရာကနေ ရွှေဝါရောင်တော်လှန်ရေး စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဝါရောင် တော်လှန်ရေး ၁၀ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းမှာ လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။