ရွှေဝါရောင် သံဃာ့တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားကျင်းပ

၂၀၀၇ ရွှေဝါရောင် သံဃာ့တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ဖျာပုံလမ်းမှာရှိတဲ့ ဇေယျသိဒ္ဒိ တက္ကသီလာ သတိပဌာန်ကျောင်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပြီး ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတော်အပါး ၈၀ နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။

2012.09.18
saffron-monk-5th-anniversary-b305 ၂၀၁၂ ခုနှစ်စက်တင်ဘာလ ၁၈ ရက်က ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ဖျာပုံလမ်းရှိ ဇေယျသိဒ္ဒိ တက္ကသီလာ သတိပဌာန်ကျောင်းတွင်၂၀၀၇ ရွှေဝါရောင် သံဃာ့တော်လှန်ရေး ၅ နှစ်ပြည့် အခမ်းအနား ကျင်းပနေစဉ်။
RFA

ဒီကနေ့ အခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ ရခိုင်အမျိုးသားကွန်ယက်၊ မျိုးဆက်သစ် လူငယ်များအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသား ကျောင်းသူများ စတဲ့ အဖွဲ့အစည်း အသီးသီးက လူဦးရေ ၅၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။

သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါနေဆဲပဲလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ကျောင်းသား ခေါင်းဆောင် ကိုမင်းဇေယျာကလည်း မြန်မာ့နိုင်ငံရေးမှာ ပြည်သူလူထုအတွက် သံဃာတော်တွေရဲ့ ပေးဆပ်အနစ်နာခံမှုတွေ ကြီးမားတဲ့အကြောင်း အလေးထား ပြောဆိုခဲ့ပါတယ်။

"သံဃာတော်တွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကျွန်တော်တို့ ပြည်သူ အရပ်သားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ ပုံစံချင်းမတူပါဘူး။ ရည်ရွယ်ချက်ခြင်းလည်း မတူပါဘူး။ ဒီလိုစွန့်လွှတ်ခဲ့တဲ့ ဒီဘုရားသားတော်တွေကို ကျွန်တော်တို့ဟာ ဘာသာတရားအမြင် တစ်ခုတည်းကို ကြည့်ပြီးတော့ ကြည်ညိုရုံ၊ ပူဇော်ရုံ သက်သက်အပြင် လူသားအနေနဲ့ ကြည့်ပြီးတော့ ထပ်ဆင့်ပူဇော်မှု စိတ်တွေနဲ့ နောက်နောင် ဒီလိုဆရာတော်၊ သံဃာတော်မျိုးတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆတက်ထမ်းပိုး တိုးပွားလာလာအောင် ဝိုင်းဝန်းပံ့ပိုး ကူညီကြပါ"

အဲဒီအခမ်းအနားမှာပဲ အစိုးရအဆက်ဆက်အပေါ် တင်ရှိနေတဲ့ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်မှုကို ပယ်ဖျက်ပေးနိုင်ဖို့အတွက် ဦးသိန်းစိန်အစိုးရအနေနဲ့ ကံဆောင် သံဃာ့ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်းထားတဲ့အချက် အပါအဝင် အချက် (၁၀) ချက် ပါတဲ့သဘောထား ကြေညာချက် တစ်ရပ်ကို နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေးနေ့ ကျင်းပရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၅ နှစ်မြောက် အခမ်းအနား အကြောင်းကို အာအက်ဖ်အေ သတင်းထောက် ကိုမိုးကျော်က အခုလို သတင်းပေးပို့ ထားပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတွေကို အာအက်ဖ်အေ ဝိုင်းတော်သူ ဝိုင်းတော်သားတွေက လျှောက်ထားခဲ့ကြပါတယ်။

ရန်ကုန်မြို့ ငွေကြာယံပရိယတ္တိ စာသင်တိုက်ကို စစ်တပ်က ဝင်စီးခဲ့စဉ်က အခြေအနေကို ဆရာတော် အရှင်ဇာဏေယက ပြန်ပြောင်း ပြောပြပါတယ်။

ဦးနေရိန်ကျော်က ဆက်သွယ်လျှောက်ထားခဲ့တာပါ။

ဆက်သွယ်လျှောက်ထားချက်။
အသံဖိုင်ယူရန်။

ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီး ပြည်ပထွက်ခွာပြီး အခု ပြည်တွင်းမှာ သတင်းသုံးနေတဲ့ တွံတေးဆရာတော် ဦးဝါယမကို မခက်မာက ဆက်သွယ်လျှောက်ထားခဲ့ပါတယ်။

ဆက်သွယ်လျှောက်ထားချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။