ဖားကန့်စစ်ဗျူဟာမှူးနှင့် KIA တပ်ရင်းမှူးတို့ကို ၈၈ မျိုးဆက်တွေ့ဆုံ
2012.09.19

တိုင်းရင်းသား ညီအစ်ကို အချင်းချင်းကြားထဲမှာ မတိုက်ချင်ဘဲ တိုက်နေရတဲ့ စစ်ပွဲတွေ အမြန်ဆုံးရပ်စဲနိုင်ဖို့ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်က ဖားကန့်ခရီးစဉ်နဲ့ ပတ်သက်ပြီး မနေ့ ည ၁၀ နာရီအချိန် မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ဒေသခံတစ်ဦး နေအိမ်မှာပြုလုပ်တဲ့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဖားကန့်ဒေသ ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ရောက်ရှိနေချိန် အခုလ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်က ဖားကန့်ဒေသ အမှတ် ၂ ယာယီ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန်းဋ္ဌေးနဲ့ တွေဆုံခဲ့ပြီး နောက်တစ်နေ့ မနက် ၈ နာရီခွဲမှာ ဖားကန့်မြို့နယ် ကံဆီးအခြေစိုက် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA ) တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဖားကန့် ငြိမ်းချမ်းရေးခရီးစဉ်ကို စီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးချိုကတော့ ခရီးစဉ်နဲ့ပတ်သက်ပြီး အခုလိုပြောဆိုပါတယ်။
"KIA အဖွဲ့ကနေပြီးတော့ လမ်းတလျှောက်လုံး ကျွန်တော်တို့ကို လုံခြုံရေး ပေးပြီးတော့မှ လူသားအချင်းချင်း ကာကွယ် စောင့်ရှောက်ပေးတဲ့အတွက် ကျွန်တော်တို့ အများကြီး ကျေးဇူးတင်တယ်ဆိုတာ KIA ကို ပြောချင်တယ်။ နောက်ပြီးတော့ တပ်မတော် အဖွဲ့ကလည်း ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်မှာ ချောချောမွေ့မွေ့နဲ့ အားလုံးအဆင်ပြေအောင် လုပ်ပေးတဲ့အတွက်၊ အပစ်အခတ် ရပ်စဲပေးထားတဲ့အတွက် ကျွန်တော်တို့ အများကြီး ကျေးဇူးတင်တယ်။ သူတို့နဲ့ ဆွေးနွေးတယ် ဆိုတာကလည်း နှစ်ဘက်က ပြောရမယ်ဆိုရင် KIA နဲ့ပဲ ဆွေးနွေးတာ မဟုတ်ဘူး။ ဗျူဟာမှူးနဲ့လည်း ဆွေးနွေးပါတယ်။ ဗျူဟာမှူးကလည်း ဒါ အပစ်အခတ် ရပ်စဲချင်လို့၊ သူလည်း ငြိမ်းချမ်းရေးလိုချင်လို့ ဒါ ၈၈ အဖွဲ့နဲ့တွေ့တာပဲ။ KIA ကလည်း ငြိမ်းချမ်းရေးလိုချင်လို့ ၈၈ အဖွဲ့နဲ့ တွေ့တာပဲ။ ဒါပြည်သူလူထုတွေရဲ့ ဆန္ဒနဲ့ ထပ်တူ ထပ်မျှဆိုတာ ကျွန်တော်ပြောချင်ပါတယ်"
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဖားကန့်ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း ဘာသာရေး ခေါင်းဆောင်တွေ၊ မြို့မိမြို့ဖတွေ၊ ဒေသခံ ပြည်သူတွေနဲ့အတူ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် စုပေါင်း လက်မှတ်ရေထိုးခဲ့တာ ဒီကနေ့ဆိုရင် လက်မှတ်ရေးထိုးသူ တစ်သောင်းကျော်ရှိပြီလို့ သိရပါတယ်။