ဒေါ်အောင်ဆန်းစုကြည်လွှတ်မည့်သတင်း နိုင်ငံရေးကစားကွက်ဖြစ်ဖွယ်

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမေရိကန် အောက်လွှတ်တော်အမတ် Mr. Joseph Crowley က ဒါဟာ နိုင်ငံရေးကစားကွက်သာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

2010.10.01
free_prisoner_philippine_305_z.jpg ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှု သုံးနှစ်မြောက် အထိမ်းအမှတ်အဖြစ် ဖိလိပိုင်နိုင်ငံ၊ မနီလာမြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြန်မာ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့အတွက် စက်တင်ဘာ ၂၄ ရက်က ကြွေးကြော် ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
မြန်မာစစ်အစိုးရရဲ့ ဖမ်းလိုက်လွှတ်လိုက်ကစားပွဲကို အရင်ကလည်း အကြိမ်ကြိမ် တွေ့ခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းအားဖြင့် အပြောင်းအလဲ လုပ်သယောင်ပြပြီး နောက်ပိုင်းမှာ အကြောင်းရှာ ဖမ်းဆီးတတ်ကြောင်း၊ ဒါဟာ ရွေးကောက်ပွဲ တရားဝင်လက်ခံလာအောင် ဆောင်ရွက်ချက်သာ ဖြစ်နိုင်ကြောင်း စက်တင်ဘာ ၃၀ ရက် မနေ့က ပြောပါတယ်။

နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးပြီးချင်း ရက်ပိုင်းမှာ ပြန်လွှတ်ပေးမဲ့အကြောင်း အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိတွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းက ရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းဟာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြည့်မှာ ဖြစ်ပြီး အဲဒီအချိန်မှာ ပြန်လွှတ်ပေးမယ်လို့ အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိတဦးက ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရက်တွေကြောင့် နိုဝင်ဘာဟာ အလွန်အလုပ်များတဲ့ လဖြစ်ကြောင်း မြန်မာအစိုးရအရာရှိတဦးက အေအက်ပီကို ပြောပါတယ်။ အဲဒီနေ့ရက်ကာလဟာ ဥပဒေအရ နေအိမ်အကျယ်ချုပ်က လွှတ်ရက်ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရမဲ့ရက် ဖြစ်တယ်လို့ နောက်ထပ် အစိုးရအရာရှိတဦးကလည်း အတည်ပြုတယ်လို့ သိရပါတယ်။

အမှုစီရင်တဲ့ မေလ ၁၄ ရက်က စတွက်ရင် နိုဝင်ဘာဟာ လွတ်ရက်ဖြစ်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရသူတဦးလည်းဖြစ်တဲ့ ရှေ့နေဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီလွတ်လာမဲ့ရက်နဲ့ပတ်သက်လို့ NLD ပါတီအနေနဲ့ ဘာမှ ကြိုတင်စီစဉ်ထားတာ မရှိပဲ လွတ်လာပြီး ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားတာကို လိုက်နာလုပ်ကိုင်ဖို့ ရှိကြောင်း၊ လွတ်လာမဲ့ရက်ကိုသာ စောင့်ဆိုင်းနေကြောင်း ပြောပါတယ်။

ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ မှန်ကန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ အရင်ကလည်း စစ်အစိုးရအရာရှိတွေဟာ ဒီလို ပြောခဲ့ဖူးတာတွေ ရှိကြောင်း၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်ပြီး အထိန်းသိမ်းခံခဲ့ရကြောင်း ကြေညာချက်ထုတ်ပြန် ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။